Skip to main content

အကြမ်းဖက်အဖျက်သမားချုပ်ငြိမ်းရေး ပြည်သူများ တစ်တပ်တစ်အားပါဝင်ကူညီ

မြန်မာနိုင်ငံတွင် အကြမ်းဖက်သောင်းကျန်းသူများသည် လွတ်လပ်ရေးနှင့်အတူပေါ်ပေါက်လာခဲ့ပြီး ယနေ့ထက်တိုင် အမြစ်မပြတ်နိုင်သေးဘဲ အကြမ်းဖက် အဖျက်လုပ်ရပ်များကို လုပ်ကိုင်လျက်ရှိသည်။ အကြမ်းဖက်သောင်းကျန်းသူများသည် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းမှု ရပ်တန့်စေရေးနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စိတ်ချမ်းသာစွာ ခရီးသွားလာနေမှုများကိုမလိုလားဘဲ လမ်းများ၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းနှင့် အကြမ်းဖက်လုပ်ရပ် အမျိုးမျိုးတို့ကို ပုံစံအမျိုးမျိုးဖြင့် လုပ်ကိုင်လျက်ရှိသည်။

KNLA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် အများပြည်သူသွားလာနေသည့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းပေါ်ရှိ သံကူကွန်ကရစ် တံတားအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် တစ်ကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ၂၀၂၅ ခုနှစ် မေလ ၄ ရက်နေ့တွင် တတိယအကြိမ် ထပ်မံမိုင်းထောင်ဖျက်ဆီးခဲ့ပြန်သည်။ ထိုသို့ မိုင်းထောင်ဖျက်ဆီးမှုကြောင့် အများပြည်သူခရီးသွားယာဉ်များ၊ ဆေးရုံကားများ၊ ကျောင်းကားများ၊ ဈေးကားများ သွားလာနိုင်ခြင်းမရှိဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သည်။ ပျက်စီးသွားသောတံတားကို သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံး ပြန်လည်ပြုပြင်တည်ဆောက်ပေးသဖြင့် ပြည်သူများ ပြန်လည် ဖြတ်သန်းသွားလာနိုင်ကြသည်။

နိုင်ငံတော်က အများပြည်သူအသုံးပြုနိုင်ရန် တည်ဆောက်ပေးထားသော အခြေခံအဆောက်အအုံများကို သောင်းကျန်းသူများနှင့် အကြမ်းဖက်အဖျက်သမားများက ဖျက်ဆီးခဲ့သည်မှာ လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ယနေ့ထက်တိုင်အောင် ပြုလုပ်နေကြဆဲဖြစ်သည်။ ပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ရေး၊ စိတ်ချမ်းမြေ့စွာသွားလာနိုင်ရေးတို့ကို မနာလိုမရှုဆိတ်စွာ ဖျက်ဆီးနေကြသည်မှာ အကြမ်းဖက်အဖျက်လုပ်ရပ်သက်သက်ဖြစ်နေသည်ကို ပြည်သူများက နားလည်သဘောပေါက်ကာ ရွံရှာမုန်းတီးနေကြပြီဖြစ်သည်။

သောင်းကျန်းသူများနှင့်အဖျက်သမားများသည် ယခင်က နယ်စွန်နယ်ဖျားများတွင် ခိုအောင်းအခြေချ၍ အဖျက်လုပ်ရပ်များကို လုပ်ကိုင်ကြရာမှ ယခုအခါ ပြည်သူများကြားသို့ ထိုးဖောက်ဝင်ရောက်ပြီး မြို့ရွာများကိုဖျက်ဆီး၍ အပြစ်မဲ့ပြည်သူများအား ဒုက္ခမျိုးစုံပေးနေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ PDF အမည်ခံ အကြမ်းဖက် သမားများသည် အပြစ်မဲ့ပြည်သူများအား လက်နက်အားကိုးဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း၊ အကျပ်ကိုင်ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခြင်း၊ ဂိတ်ကြေးတောင်းခံခြင်း၊ မြို့ရွာများကို ဖျက်ဆီးခြင်း၊ ပြည်သူများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့် လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်လုပ်ရပ်များနှင့် ရာဇဝတ်မှုများကို ကျူးလွန်နေကြသည်။

မေလ ၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင်နေထိုင်သော ပြည်သူတစ်ဦးနှင့် ၎င်း၏ကလေးငယ်တို့ကို လက်နက်ငယ်များ ကိုင်ဆောင်ထားသည့် PDF အမည်ခံအကြမ်းဖက်သမားများက ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။ အဆိုပါသတင်းရလျှင်ရချင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ အကြမ်းဖက်သမားများအား မုံရွာမြို့တွင်ပင် နေ့ချင်းဖမ်းဆီးရမိခဲ့သည်။ ကျန်အကြမ်းဖက်သမားများနှင့် ၎င်းတို့၏အကြမ်းဖက်စခန်းကို အလျင်အမြန် တိုက်ခိုက်နှိမ်နင်းပြီး ပြန်ပေးဆွဲခံရသည့် ပြည်သူနှစ်ဦးကို ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ကယ်တင်နိုင်ခဲ့သည်။

အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြိမ်းခြောက်၊ ပြန်ပေးဆွဲ၊ သတ်ဖြတ်လုယက်နေကြသည့် အကြမ်းဖက်အဖျက်သမားများသည် တော်လှန်ရေးအကြောင်းပြပြီး ပြည်သူများကြားတွင် နေထိုင်ကြီးပြင်းခဲ့သော ပြည်သူများပင်ဖြစ်သည်။ လူမျိုးရေးအရ၊ ဝါဒရေးအရ၊ နိုင်ငံရေးအရ အကြောင်းအမျိုးမျိုးပြ၍ လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေကြသော သောင်းကျန်းသူအဖျက်သမားများကို ပြည်သူများက ရွံရှာစက်ဆုပ်ကြသလို ပြည်သူများကြားတွင် ရပ်တည်ကျူးလွန်နိုင်ခြင်းမရှိအောင် ပြည်သူများက တပ်မတော်နှင့်လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကိုရှေးရှု၍ နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြို့ရွာများနှင့် အများပြည်သူများအား ပျက်စီးအောင် ဖျက်ဆီးနေသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် အကြမ်းဖက်အဖျက်သမားများကို လိုအပ်သည့်တုံ့ပြန်မှုများ ပြုလုပ်နိုင်ရေး၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များက စွန့်လွှတ်စွန့်စား ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် သောင်းကျန်းသူအဖျက်သမားများ အမြစ်ပြတ်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ကူညီကြရမည်ဖြစ်ပါကြောင်း။     ။