အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံတွင် နှစ်စဉ်ကင်ဆာရောဂါကြောင့် သေဆုံးသူ ၁၄၀၀၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားသူ အသစ် ၂၀၀၀၀ ခန့်ရှိကြောင်း နိုင်ငံတကာသတင်းတစ်ပုဒ်အရ သိရှိရသည်။ ယင်းနိုင်ငံတွင် အသည်းကင်ဆာသည် အဖြစ်အများဆုံးကင်ဆာ အမျိုးအစားဖြစ်ပြီး နေ့စဉ်ကင်ဆာကြောင့် လူ ၃၈ ဦးခန့် သေဆုံးမှုရှိသည်ဟုလည်း ဆိုသည်။
စင်စစ်ကင်ဆာရောဂါဖြစ်ပွားနှုန်းနှင့် ကင်ဆာကြောင့် သေဆုံးမှုနှုန်းတို့မှာ ကမ္ဘာတစ်ဝန်းလုံးတွင် တိုးတက်များပြားလာနေခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ကင်ဆာလူနာအသစ် သန်း ၂၀ ခန့်ရှိခဲ့ပြီး ကင်ဆာကြောင့် သေဆုံးသူ ၉ ဒသမ ၆ သန်းအထိရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၂၂ ခုနှစ်အတွင်း ကင်ဆာလူနာအသစ် ၇၇၆၀၃ ဦးခန့် ရှိနိုင်ကြောင်းနှင့် ကင်ဆာကြောင့် သေဆုံးသူ ၅၄၆၃၁ ဦးခန့် ရှိနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ မြန်မာနိုင်ငံတွင်အဖြစ်များသည့် ကင်ဆာအမျိုးအစားများမှာ အမျိုးသားများတွင် အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ခံတွင်းနှင့် လည်ချောင်း ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာတို့ အဖြစ်များပြီး အမျိုးသမီးများတွင် ရင်သားကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာတို့ အဖြစ်များကြောင်းသိရသည်။ ကင်ဆာရောဂါကြောင့် သေဆုံးရမှုများသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိအခြေအနေထက် သုံးပုံနှစ်ပုံခန့် တိုးလာမည်ဖြစ်သည်ဟုလည်း သိရသည်။
ကင်ဆာရောဂါသည် လူတို့၏ မျိုးရိုးဗီဇ၊ အမူအကျင့်နှင့် ပတ်ဝန်းကျင်တို့ကို အကြောင်းပြု၍ ဖြစ်ပွားလာခြင်းဖြစ်သည်။ မိမိမျိုးရိုးတွင် ကင်ဆာရောဂါဖြစ်ပွားသူရှိပါက မိမိတွင်လည်း ဖြစ်နိုင်ခြေရှိသည်။ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ ကွမ်းစားခြင်း၊ အရက်သောက်ခြင်း၊ ကြာရှည်ခံပြုပြင်ထားသော အစားအစာများ၊ အချဉ်စိမ်၊ ကျပ်တင်၊ ယမ်းစိမ်းဖြင့်ပြုပြင်ထားသော အစာများ၊ မှိုတက်နေသောအစာများ၊ ဆေးဆိုးထားသော အစာများစားခြင်း၊ ဓာတုပစ္စည်းများ၊ ဆေးများနှင့် နေ့စဉ်ထိတွေ့နေရခြင်း၊ ဓာတ်ရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည်တို့နှင့် ထိတွေ့မှုများခြင်း၊ ဟော်မုန်းဆေးကဲ့သို့သော ဆေးဝါးများ ကြာရှည်သုံးစွဲခြင်း၊ ငယ်ရွယ်စဉ် လိင်ဆက်ဆံမှု၊ လိင်ဆက်ဆံဖက်များခြင်း၊ ကူးစက်ရောဂါပိုးများ (အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ လိင်အင်္ဂါ ဗိုင်းရပ်စ်ပိုး) ကူးစက်ခြင်းတို့သည် ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်သည့် အမူအကျင့်များနှင့် ပတ်ဝန်းကျင်အခြေအနေများပင်ဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သည့် ကင်ဆာရောဂါဖြစ်စေနိုင်သော အကြောင်းရင်းများကို ဆင်ခြင်ရှောင်ရှား၍ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံကို ကျင့်သုံးနေထိုင်ခြင်းဖြင့် ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်သည်။ ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်း၊ အရက်တို့ ရှောင်ကြဉ်ခြင်း၊ တာရှည်ခံ အစားအစာများ အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ အဝလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပြင်းထန်သော နေရောင်ခြည်ကို အချိန်ကြာရှည်စွာ ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုပုံစံကျင့်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ လုပ်ငန်းခွင်ဓာတုပစ္စည်းများ၊ ဆိုးဆေးများ၊ ပိုးသတ်ဆေးများ ကိုင်တွယ်ရာတွင် လိုအပ်သည့် အကာအကွယ်ပစ္စည်းများ စနစ်တကျအသုံးပြုခြင်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း စသည်တို့မှာ ကင်ဆာဖြစ်စေသည့် အမူအကျင့်များမှ ရှောင်ကြဉ်ခြင်းပင်ဖြစ်သည်။ ထို့အပြင် အသည်းရောင် အသားဝါဘီရောဂါ ကာကွယ်ဆေးထိုးခြင်းဖြင့် အသည်းကင်ဆာကို ကာကွယ်နိုင်သလို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ကာကွယ်နိုင်သည်။ အချို့ကင်ဆာရောဂါများသည် စောစီးစွာသိရှိ၍ အချိန်မီထိရောက်စွာ ကုသမှုခံယူခြင်းဖြင့် ပျောက်ကင်းနိုင်သည်။
အနှစ်ချုပ်အားဖြင့်ဆိုရလျှင် မိမိတို့၏ အမူအကျင့်များက ကင်ဆာရောဂါအပါအဝင် ကျန်းမာရေးနှင့်မညီညွတ်ပါက စွန့်လွှတ်လိုက်ကြခြင်းဖြင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ဆင်းရဲဒုက္ခများစွာတို့ ကင်းဝေးနိုင်ကြမည်ဖြစ်သည်။ ထို့အပြင် ရောဂါကို စောစီးစွာစနစ်တကျ ရှာဖွေစစ်ဆေးခြင်း၊ အချိန်မီဆေးကုသမှုခံယူခြင်းဖြင့် ကင်ဆာရောဂါဘေးမှ ကင်းဝေးကြပါစေကြောင်း။ ။