Skip to main content

၂ဝ၂၅ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ

နေပြည်တော် မေ ၆

ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် ရေတပ်ဆက်သွယ်ရေးဘာသာရပ်၌ ပါဝင်သည့်သင်ခန်းစာများအား သင်ကြားခြင်း၊ လှေလှော်ခြင်းနှင့် ရွက်တိုက်ခြင်းတို့ကို ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၅ ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းမှသင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၄၀ ဦးတို့ကို သက်ဆိုင်ရာနယ်မြေအသီးသီး၌ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး တပ်မတော်(ရေ) ရေကြောင်းလူငယ်သင်တန်းစခန်း(၁၁)ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၈၀၀)ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အလားတူ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၁၅ ခုတွင် စုစုပေါင်းသင်တန်းသား ၈၀၄ ဦးဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ မိတ္ထီလာမြို့ရှိ မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်းမှ သင်တန်းသား ၅၀ ဦး၊ မိတ္ထီလာသင်တန်းစခန်းမှ သင်တန်းသား ၄၈ ဦး၊ ရန်ကုန်မြို့ရှိ ရန်ကုန်သင်တန်းစခန်းမှ သင်တန်းသား ၆၅ ဦး၊ တောင်ကြီးမြို့ရှိ တောင်ကြီးသင်တန်းစခန်းမှ သင်တန်းသား ၅၇ ဦး၊ မကွေးမြို့ရှိ မကွေးသင်တန်းစခန်းမှ သင်တန်းသား ၅၃ ဦး၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံသင်တန်းစခန်းမှ သင်တန်းသား ၅၂ ဦးနှင့် မှော်ဘီမြို့ရှိ မြန်မာပြည်တောင်ပိုင်း သင်တန်းစခန်းမှ သင်တန်းသား ၆၁ ဦးအား အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်း ပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရားဘာသာရပ်၊ လေကြောင်းဆိုင်ရာအခြေခံဗဟုသုတများဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေးဇာတိမာန်ဘာသာရပ်၊RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်းဘာသာရပ်၊ RC Simulator နှင့် Flight Simulator မောင်းနှင်ခြင်း ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ကျန်သင်တန်း စခန်းအသီးသီးတွင်လည်း ဆက်လက်လေ့ကျင့်သင်ကြား ပို့ချပေးလျက်ရှိသည်။

ထို့ပြင် တပ်မတော်(လေ)၏ နေ့စဉ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆောင်တာများကို သိရှိနားလည်စေရန်အတွက် လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းများရှိ ပျံသန်းရေးအုပ်များ၊ ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံများသို့ သွားရောက်၍ လက်တွေ့ကွင်းဆင်းလေ့လာခြင်းများလည်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။