နေပြည်တော် မေ ၃
ရွာငံမြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် ငွေကျပ် ၁၀၈ သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများနှင့် တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၈၆၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁ ရက်နံနက် ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြို့ကြီးကျေးရွာအုပ်စုမြို့ကြီးကျေးရွာအနီးတွင် မသီတာမွှေးမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာဘိန်းစိမ်း ၁၅ ကီလို(တစ်ကီလိုလျှင် ငွေကျပ်သုံးသိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၄၅ သိန်း) သိမ်းဆည်းရမိခဲ့သည်။ ကွင်းဆက်အရ အမရပူရမြို့နယ် ဥယျာဉ်တော်ရပ်ကွက်ရှိ မောင်ပု (ခ)မောင်ညွန့်၏ နေအိမ်မှ ဘိန်းစိမ်း ၂၁ ကီလို(တစ်ကီလိုလျှင် ငွေကျပ်သုံးသိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၆၃ သိန်း) ဆက်လက်သိမ်းဆည်းရမိခဲ့သဖြင့် မသီတာမွှေး (၃၄)နှစ်နှင့် မောင်ပု(ခ)မောင်ညွန့် (၅၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
အလားတူ မေ ၂ ရက် နံနက် ၈ နာရီခွဲတွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု လွယ်တော်ခမ်း ကျေးရွာအနီးတွင် လော်စီခမ်း(ခ)ကျရှီးပါး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၂ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၂၀၀)နှင့် Happy Water သုည ဒသမ ၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၆၆၀) သိမ်းဆည်းရမိခဲ့သဖြင့် လော်စီခမ်း(ခ)ကျရှီးပါး(၃၆)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်