ရန်ကုန် ဧပြီ ၂၃
မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း H.E. Tun Abdullah Bin Haji Ahmad Badawi သည် ဧပြီ ၁၄ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် အမှတ် ၈၂ ပြည်ထောင်စုရိပ်သာလမ်း ဒဂုံမြို့နယ် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံးတွင် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်လက်မှတ်ရေးထိုးသည်။
လက်မှတ်ရေးထိုး
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မလေးရှားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမတွင် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း ကွယ်လွန်ခဲ့ခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြား ခဲ့ပြီး ဝမ်းနည်းကြောင်းမှတ်တမ်း စာအုပ်၌ လက်မှတ်ရေးထိုး သည်။
H.E. Tun Abdullah Bin Haji Ahmad Badawi သည် မလေးရှားနိုင်ငံ၏ ငါးဦးမြောက်ဝန်ကြီးချုပ်အဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်

 
 
  
  
  
  
 