ရန်ကုန် ၊ အောက်တိုဘာ ၁၁
မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများတွင် ဆောင်းခိုငှက်များအတွက် လုံလောက်သောအစာရေစာများကို ထောက်ပံ့ပေးစွမ်းနိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှု နည်းပါးခြင်းတို့ကြောင့် ဆောင်း ရာသီကာလတွင်ဆောင်းခိုငှက်အများအပြားနှစ်စဉ်ရောက်ရှိလာကြသဖြင့် ငှက်မျိုးစိတ်များ ပျောက်ပျက်မှု မရှိစေရေး ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်း သိမ်းရေးအသင်း (BANCA) မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသီရိဒေဝီအောင် က ပြောသည်။
အသက်ဆက်ရှင်သန်နိုင်စေရန်
ဆောင်းခိုငှက်များသည် ၎င်းတို့ သားပေါက်နေထိုင် ကျက်စားရာ ကမ္ဘာ့မြောက်ခြမ်း အအေးပိုင်းဒေသ ဆောင်းရာသီ ၏ တိုတောင်းလွန်းသော နေ့တာ၊ အေးခဲ၍ ပြင်းထန်သော ရာသီဥတု၊ အစာရေစာ အခက်အခဲ များကို ရှောင်ရှား၍ မျိုးဆက်တည်တံ့ ခြင်းနှင့် အသက်ဆက်ရှင်သန်နိုင်စေ ရန် ပူနွေးသော ကမ္ဘာတောင်ဘက်ခြမ်း ဒေသများသို့ ခေတ္တ ပြောင်းရွှေ့ ဆောင်းခိုကြရခြင်း ဖြစ်ကြောင်းနှင့် ထိုသို့ ကမ္ဘာ့အနှံ့နယ်မြေမှ ရွှေ့ပြောင်းဆောင်းခိုရန် ပျံသန်းရာ လမ်းကြောင်းကြီးကိုးခုရှိပြီး ပျံသန်းရာလမ်းကြောင်း တစ်လျှောက် မြစ်များ၊ တောင်များ၊ တောင်တန်းနှင့် ပင်လယ်များ အစရှိ သည်တို့ကို မှတ်သား ကာ အလိုရှိရာ နေရာသို့အရောက် ခရီးမိုင်ပေါင်း ထောင်၊ သောင်းချီ၍ ဖြတ်ကျော် ပျံသန်းကြရသည်ဟု ဆိုသည်။
ဆောင်းခိုငှက်များတွင် ရေဘဲ ကဲ့သို့သော ငှက်များအပါအဝင် ကုန်း ငှက်များနှင့် ကမ်းခြေနေ ငှက်များ လည်းပါဝင်ကာ လာရောက်ကျက်စားလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ပျံသန်းလာကြ သော ဆောင်းခိုငှက်များသည် ပျံသန်းရာ လမ်းကြောင်းကြီး ကိုးခုအနက် East Asian Australasian Flyway လမ်းကြောင်းနှင့် Central Asian Flyway လမ်းကြောင်းတို့ကို အသုံးပြု လေ့ရှိကြပြီး စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိ၍ ကုန်းငှက်များမှာ မြန်မာနိုင်ငံ အနှံ့အပြားနှင့် ရေငှက်များသည် မြန်မာနိုင်ငံ၏ ရေချို ရေဝပ်ဒေသများအပြင် ပင်လယ်ကမ်းခြေများတွင် ကောင်ရေသိန်းဂဏန်းခန့် လာရောက်၍ ဆောင်းခိုကျက်စားလေ့ရှိကြောင်း ငှက်စာရင်း ကောက် သုတေသနပြုသူများထံမှ သိရသည်။
မြန်မာနိုင်ငံ၏ ဆောင်းခိုငှက်များ အဓိကကျက်စားရာ နေရာများမှာ အင်းတော်ကြီးကန်၊ အင်းလေးကန်၊ ပလိပ်အင်း၊ ပြူကန်၊ မိုးယွန်းကြီးအင်း၊ မုတ္တမပင်လယ်ကွေ့၊ နံ့သာကျွန်း၊ မိန်းမလှကျွန်းနှင့် တနင်္သာရီကမ်းရိုး တန်းဒေသများ ဖြစ်ကြောင်းလည်း သိရသည်။
မျိုးဆက်တည်တံ့ရေး
အဆိုပါဒေသများတွင် ကျက်စားကြပြီး မေလတွင် လာရာလမ်းဖြစ်သော ကမ္ဘာ့မြောက်ခြမ်းဒေသများသို့ သား ပေါက်ရန် မျိုးဆက်တည်တံ့ရေး ခရီးနှင်ကြရမည်ဖြစ်ကြောင်း လေ့လာ သိရှိရသည်။
ထိုသို့ ခက်ခဲကြမ်းတမ်းသော ခရီးလမ်းပျံသန်း၍ နှစ်စဉ်လာရောက် ဆောင်းခိုသော ငှက်မျိုးစိတ်များ ကျက်စားရာနေရာကို နိုင်ငံတကာအရေးကြီး ရေဝပ်ဒေသအဖြစ် သတ်မှတ်ကာ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ် ပေါင်း ၁၁၃၆ မျိုးရှိပြီး ဆောင်းခို ကျက်စားသော ငှက်မျိုးစိတ် ၃၀၀ ပါဝင်ကာ အဆိုပါဆောင်းခိုငှက်များထဲ ၌ ရေငှက်မျိုးစိတ် ၁၃၀ ခန့် ရှိခဲ့ ကြောင်း မှတ်တမ်းများအရ သိရှိရသည်။
“ကျွန်မတို့နိုင်ငံဟာ ပထဝီအနေ အထားအရ မြစ်ချောင်းအင်းအိုင် စတဲ့ ကုန်းတွင်းရေတိမ်ဒေသများ ပေါပြီး ဆောင်းခို ငှက်များအတွက် အစာရေစာ ဇီဝအရင်းအမြစ် ပေါကြွယ်ဝတဲ့ နိုင်ငံပါ။ ဒါကြောင့်လည်း ရှေးနှစ်ပေါင်း များစွာ ကတည်းက အခုအချိန်ထိ ဆောင်းခိုငှက်များကို မြင်တွေ့နေရ ခြင်းဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဆောင်းခိုငှက်မျိုးစိတ်တွေ အဓိက ခြိမ်းခြောက် ခံရတာကတော့ ဆောင်း ခိုငှက်တွေကို အလှမွေးငှက်အဖြစ် မွေးမြူတာ။ စားသောက်ဖွယ်ရာ အသားဟင်းလျာအဖြစ် အရှင်ဖမ်းဆီး ရောင်းချတာတွေနဲ့ သတ်ဖြတ် ရောင်းချတာတွေရယ်ကြောင့် အခု တဖြည်းဖြည်းရှားလာပြီ။ တစ်ကမ္ဘာလုံးမှာလည်း အဲဒီလို ဖြစ်နေတာ။ တစ်ကမ္ဘာလုံးမှာဆိုရင် ဘယ်လောက် အထိ အခြေအနေဆိုးသွားလည်း ဆိုတော့ မျိုးစိတ်အရေအတွက် သာမက အကောင်ရေအရေအတွက်ပါ ကျဆင်းနေပြီ။ နောက်ပြီး သူတို့ နေထိုင်ကျက်စားရာ နယ်မြေတွေ လျော့နည်းလာ တာရယ်၊ ရေဝပ်ဒေသတွေ တိမ်ကောပျက်စီး ပျောက်ကွယ်တာတွေကြောင့် ဆောင်းခိုငှက်မျိုးစိတ် ပျောက်ကွယ်မှာကို စိုးရိမ်နေရပါ တယ်” ဟု အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သီရိဒေဝီအောင်က ရှင်းပြသည်။
ဆောင်းခိုငှက်များစတင်ဝင်ရောက်
အဆိုပါ မြန်မာနိုင်ငံရှိ အရေးကြီး ရေဝပ်ဒေသနှင့် အခြားကုန်းတွင်းဒေသအနှံ့အပြားသို့ လက်ရှိကာလ တွင် ဆောင်းခိုငှက်များက စတင် ဝင်ရောက်နေပြီဖြစ်ရာဒေသခံပြည်သူများအနေဖြင့် အဆိုပါ ဆောင်းခိုငှက်များကို ဖမ်းဆီး သတ်ဖြတ်ရောင်းဝယ်ခြင်းများ မပြုလုပ်ခြင်းဖြင့် မိမိနိုင်ငံ မိမိဒေသ၏ သက်ရှိလောကနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ကြောင်း၊ ယခုနှစ် ဆောင်းခိုငှက်များ ရွှေ့ပြောင်းကျက်စားသည့် ရာသီတွင် ဆောင်းခိုငှက်များ စစ်တမ်းကောက်ယူမှုကို ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာက ဖြေလျှော့မှုအပေါ် မူတည်ကာ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြား သည်။
ထိန်းသိမ်းစောင့်ရှောက်သင့်
မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ရာသီ ဥတုနှင့် ဂေဟစနစ်များ ကောင်းမွန်နေခြင်းကြောင့်သာ ဆောင်းခိုငှက်များ လာရောက်နေထိုင် ကျက်စားကြခြင်း ဖြစ်၍ ကမ္ဘာ့လှည့်ခရီးသွားဧည့်သည်များတွင် လူသားများကိုသာမက တောရိုင်းတိရစ္ဆာန် ကျေးငှက်များကိုလည်း ခရီးသွားဧည့်များအဖြစ် ပြည်သူများက လက်ခံပေးရန်၊ စောင့်ရှောက် ပေးရန် လိုအပ်ကြောင်း၊ သို့မှာသာ နောင် သားစဉ်မြေးဆက် အထိ ယင်းငှက်များကို ဆက်လက် မြင်တွေ့ လေ့လာကြည့်ရှုခွင့်ရရှိစေနိုင် မည်ဖြစ်ကြောင်းနှင့် ရွှေ့ပြောင်း ဆောင်းခိုငှက်များအား ဝိုင်းဝန်း ကာကွယ် ထိန်းသိမ်းစောင့်ရှောက် သင့်ကြောင်း ငှက်ချစ်သူများက ပြောဆိုကြသည်။
သတင်းနှင့် ဓာတ်ပုံ
ပိန်းဇလုပ်-သိန်းညွန့်