Skip to main content

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ သံဃာတော်များအား အနီးကပ်ကြပ်မတ်ကုသနိုင်မည့်၄၄-ခုတင်ဆံ့ အထူးကြပ်မတ်ကုသဆောင်နှင့် ကြပ်မတ်ကုသဆောင်များ ဆောင်ရွက်

ရန်ကုန်     အောက်တိုဘာ    ၄


ကိုဗစ်-၁၉ ရောဂါပိုးတွေ့သံဃာတော်များအား အနီးကပ် ကြပ်မတ်ကုသစောင့်ရှောက်ထားရှိနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသ ကြီး  ကမ္ဘာအေးကုန်းမြေရှိ  သာသနာ့ဆေးရုံ ဟောင်းဝင်းအတွင်း၌  ကြပ်မတ်ကုသဆောင် (HDU) ၃၆- ခုတင်နှင့် အထူး ကြပ်မတ်ကုသဆောင် (ICU) ၈-ခုတင်ပါဝင် သော  ၄၄- ခုတင်ဆံ့ အထူးကြပ်မတ်ကုသဆောင်များအတွက် ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများကို     ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ကြိုတင်ပြင်ဆင်ဆောင်ရွက်


“ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ သံဃာတော်တွေထားရှိကုသစောင့်ရှောက်နိုင်ဖို့အတွက်   အထူးကြပ်မတ် ကုသဆောင်များကို  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားတဲ့သဘောပါ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုများ နဲ့အညီ အသင်းချုပ်အနေနဲ့ ပြင်ဆင်မွမ်းမံရေးအပိုင်းကို ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ တတ်နိုင်သလောက် မြန်မြန်ပြီးစီးအောင်    ဆောင်ရွက် သွားမှာမို့   တစ်ပတ်လောက်ဆို လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနိုင်မှာဖြစ်ပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ အထူး ကြပ်မတ် ကုသဆောင် တွေဘေးအနီးမှာ သာသနာရေးဦးစီးဌာနက ဝန်ထမ်းတွေနေထိုင်ဖို့ဆောက်လုပ်ထားတဲ့  လေးထပ်အဆောက်အအုံ အသစ် နှစ်လုံးရှိနေတာဆိုတော့ ရောဂါမပြင်းထန်တဲ့ပိုးတွေ့ သံဃာတော်တွေထားရှိဖို့  နေရာမလုံလောက်ခဲ့ရင်လည်း အဲဒီအဆောက် အအုံသစ်တွေမှာ ထားရှိဖို့ ဆက်လက်တိုးချဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေး မှူး ဦးမျိုးမြင့်က ရှင်းပြသည်။


အဆိုပါအဆောက်အအုံပိုင်းဆိုင်ရာ ပြင်ဆင်မွမ်းမံ ခြင်း လုပ်ငန်းများကို  ရန်ကုန်တိုင်းဒေသကြီး    အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်   မြန်မာနိုင်ငံ   ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်က တာဝန်ယူဆောင်ရွက်နေ ခြင်းဖြစ်ပြီး   လက်ရှိသာသနာ့ ဆေးရုံဟောင်းအတွင်း၌ ရှိသော    ခုတင်များကို     ပြုပြင်ဆောင်ရွက်လျက်ရှိကာ   အနီးဘေးပတ်ဝန်းကျင်နှင့် ထိစပ်မှုများ မရှိစေရန်အတွက်  ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို    ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


အဆောင်များအတွင်းရှိ   ရေပိုက်လိုင်း၊  လျှပ်စစ်မီး၊ ချွဲစုပ်စက်၊ အောက်ဆီဂျင်နှင့် အဲကွန်းများ  တပ်ဆင်ရန် အတွက် လိုအပ်သည့်လျှပ်စစ်ဝိုင်ယာကြိုးများ သွယ်တန်း ခြင်း၊ အခန်းနံရံများအား  ဘက်တီးရီးယားပိုးသေသည့်ဆေးခံ သုတ်ခြင်း၊        တစ်ကိုယ်ရေ သုံးကာကွယ်ရေးဝတ်စုံ လဲမည့်အခန်းများ   ဆောင်ရွက်ခြင်း၊    စီစီတီဗွီမှတ်တမ်း ကင်မရာနှင့်   အင်တာနက် (Wifi) တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊   အဆောင်တစ်ဆောင်လျှင်   ပိုးတွေ့ သံဃာတော် ၂၂ ပါးစီ  ထားရှိ မည်ဖြစ်၍     အဆောင်နှစ်ဆောင်ကူးသည့်   လျှောက်လမ်းများနှင့်   အမှိုက်ထုတ် သည့်   စောင်းတန်းများ   ဆောင်ရွက် ခြင်းများအပါအဝင် သန့်စင်ခန်းပြင်ဆင်ဆောင်ရွက်ခြင်း    လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။


သတင်း-ပွင့်သစ္စာ
ဓာတ်ပုံ-စိုးမြင့်အောင်