Skip to main content

အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများ၌ထားရှိသည့် မြန်မာသင်္ဘောသား ၃၁၁ ဦး ရှိနေပြီဖြစ်

ရန်ကုန်   အောက်တိုဘာ   ၄

ပြည်ပနိုင်ငံများမှရောက်ရှိလာကြသည့် မြန်မာသင်္ဘောသားအလုပ်သမားများအား  Sea  Rangers  (Myanmar Seafarers Donation Group)မှ ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ရှိ ဓမ္မမာမက ဓမ္မရိပ်သာနှင့်  ဓမ္မရံသီ မိုးကုတ်ရိပ်သာ     ကန့်သတ် စောင့်ကြည့်ရေးစင်တာတို့၌ ကုန်ကျစရိတ်များတာဝန်ယူ၍      ထားရှိပေးထားရာ ယနေ့အထိ စုစုပေါင်း  ၃၁၁  ဦး  ရှိနေပြီဖြစ် ကြောင်း Sea Rangers အဖွဲ့မှ သိရသည်။


လက်ခံနေရာချထား


ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဒူဘိုင်းမြို့ မှရန်ကုန်မြို့သို့ လေကြောင်းဖြင့် ရောက်ရှိလာသည့်  မြန်မာ သင်္ဘောသားအလုပ်သမား ၇၈ ဦးနှင့် တရုတ်(တိုင်ပေ)မှ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ရောက်ရှိလာသည့် မြန်မာ သင်္ဘောသား အလုပ်သမား   ၅၇   ဦးတို့မှာ   Sea Rangers အဖွဲ့မှ စီစဉ်ထားသည့်  ကန့်သတ်စောင့်ကြည့်ရေးစင်တာ များ၌ Quarantine ဝင်ရန် စာရင်းပေးသွင်းထားကြသဖြင့်  ၎င်းတို့ ၁၃၅ ဦးအား ဓမ္မရံသီမိုးကုတ်ရိပ်သာ ကန့်သတ်စောင့် ကြည့်ရေးစင်တာ၌ မွန်းလွဲပိုင်းတွင် လက်ခံနေရာချထားပြီး ဖြစ်သည်။


ယနေ့ညနေပိုင်းတွင်   မြန်မာသင်္ဘောသားအလုပ် သမား ၆၉ ဦးအား   တို့ဖတ်နမူနာ   ရယူစစ်ဆေးခဲ့ပြီး အောက်တိုဘာ ၅ ရက်တွင် ကျန် ၁၆၈ ဦးအား တို့ဖတ်နမူနာ ရယူစစ်ဆေးမည်ဖြစ်ကြောင်း၊ လက်ရှိ Sea Rangers အဖွဲ့ ၏ စီစဉ်မှုဖြင့် ဒုတိယအသုတ် ကန့်သတ်စောင့်ကြည့်ရေး စင်တာအဖြစ် ဓမ္မမာမက ဓမ္မရိပ်သာ၌  ၇၄ ဦးနှင့် တတိယ အသုတ်ကန့်သတ်စောင့်ကြည့်ရေး စင်တာအဖြစ် ဓမ္မရံသီ မိုးကုတ်ဓမ္မရိပ်သာ၌  ၂၃၇  ဦးတို့ကို လက်ခံနိုင်ခဲ့ပြီဖြစ် ကြောင်း Sea Rangers အလုပ်အမှုဆောင်အဖွဲ့ဝင် ကပ္ပတိန် ဦးစိန်တန်အောင်က ပြောသည်။


စီစဉ်ဆောင်ရွက်ထား


အောက်တိုဘာ ၈ ရက်တွင် စင်ကာပူနိုင်ငံမှ ရောက်ရှိ လာကြမည့်  စာရင်းပေးသွင်းထားကြသော   မြန်မာသင်္ဘော သားအလုပ်သမား   ၉၀   အား  ဓမ္မမာမက   ဓမ္မရိပ်သာ  ကန့်သတ်စောင့်ကြည့်ရေးစင်တာ၌   လည်းကောင်း၊ Sea Rangers နှင့်       မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF)တို့မှ စီစဉ် ဆောင်ရွက်ထားသော အောက်တိုဘာ ၁၂ ရက်နှင့် ၂၄ ရက်တို့တွင် ရောက်ရှိလာကြမည့် မြန်မာသင်္ဘောသား ၂၆၀ အား   ဓမ္မရံသီမိုးကုတ်ရိပ်သာ  ကန့်သတ် စောင့်ကြည့်ရေး စင်တာ၌လည်းကောင်း ထားရှိရန်   စီစဉ်ဆောင်ရွက်ထား ကြောင်းသိရသည်။  


သတင်း-ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်