နေပြည်တော် ဒီဇင်ဘာ ၇
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာဒုတိယဝန်ကြီး ဦးစိုးကြည်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့တွင် လုပ်ငန်းအဖွဲ့(၁၁)ဖွဲ့ ဖွဲ့စည်းထားသည့်အနက် ပြန်လည်ထူထောင်ရေးအဖွဲ့အနေဖြင့် မူးယစ်ဆေးစွဲလူနာများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း ၄၄ ကြိမ် သင်တန်းသား ၉၁၄ ဦး၊ ရပ်ရွာအခြေပြုပြန်လည် ထူထောင်ရေးသင်တန်း ၁၉ ကြိမ် သင်တန်းသား ၆၂၀ ကို ပြန်လည်ထူထောင်မှုဆောင်ရွက်ပေးနိုင်ခဲ့ပြီး စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်း ၂၉ ကြိမ် သင်တန်းသား ၇၀၅ ဦးနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ဦးစီးဌာနရှိ ဝန်ထမ်းများအတွက် သင်တန်းလေးကြိမ် သင်တန်းသား ၁၁၀ ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်ရေးအဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့သို့ တင်ပြလျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြန်လည်ထူထောင်ရေးအဖွဲ့အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများက ကအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။သတင်းစဉ်