Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုနှင့် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်းတိုးတက်မှုကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁၀

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ် ဓာတ်အားထုတ်လုပ်နေမှုနှင့် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းတိုးတက်မှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

စားသောက်ဖွယ်ရာပေးအပ်

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များ၏ ကြံ့ခိုင်ရေး ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျစီမံချက်ရေးဆွဲ ဆောင်ရွက်သွားရန်နှင့် ဓာတ်အားပေးစက်များ ပျက်စီးမှုမရှိစေရေးစနစ်တကျ ထိန်းသိမ်းမောင်းနှင်သွားရန် လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် ဓာတ်အားပေးစက်ရုံ Switchyard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိပို့လွှတ်ပေးနေမှု၊ ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေးစက်များ မောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပို့လွှတ်ပေးနေမှု၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲနှင့် တမံ၏ကြံ့ခိုင်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်းဓာတ်အား ခွဲရုံစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် Control Building တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ရာနှုန်းပြည့်ပြီးစီးနိုင်ရေးကြိုးပမ်း

ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းသည် ယခုအခါ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ဒီဇင်ဘာလတွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်