ဗိုလ်ချုပ်ဇော်မင်းထွန်း (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်)
ဗိုလ်ချုပ်ဇော်မင်းထွန်း
(နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ကျွန်တော်တို့ ဒီလ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံမှာ တရုတ်အစိုးရရဲ့ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသ (ဂျီအမ်အက်စ်)အစည်းအဝေး၊ (၁၀)ကြိမ်မြောက်(အက်မက်စ်) အစည်းအဝေး ဧရာဝတီ-ကျောက်ဖရား-မဲခေါင်အစည်းအဝေး၊ (၁၁)ကြိမ်မြောက် (စီအယ်လ်အမ်ဗွီ) အစည်းအဝေးတွေကို တက်ရောက်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နောင်နှစ်မှာဆိုရင်(အက်မက်စ်)ကို အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံစုံ(အက်မက်စ်) နိုင်ငံတွေကို ဖိတ်ခေါ်ပြီး လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံကို သွားတဲ့အခါမှာလည်း တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံယူနန်ပြည်နယ်ရဲ့ ပါတီအတွင်းရေးမှူးနဲ့လည်း တွေ့ဆုံခဲ့တယ်။ နောက်ပြီးချုံချင့်ပြည်နယ်ရဲ့ ပါတီအတွင်းရေးမှူးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အဲဒီမှာ အပိုင်းခွဲပြီး ပြောရမယ်ဆိုရင် နိုင်ငံရေးအရ တရုတ်နိုင်ငံအနေနဲ့ ယခင်ကလိုပဲ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို အားပေးပါတယ်။ ဒါတွေကို ထပ်မံထပ်လောင်း အသိအမှတ်ပြုတယ်။ တရုတ်နိုင်ငံရဲ့နယ်နိမိတ်၊ တရုတ်နိုင်ငံရဲ့နယ်မြေကိုအခြေပြုပြီး မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့သူတွေ၊ မြန်မာနိုင်ငံနဲ့ပတ်သက်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းမှန်သမျှကိုလက်မခံကြောင်း ပြောပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံရဲ့မူဝါဒကို ထပ်လောင်းအတည်ပြုခဲ့တယ်။ တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့သူတွေ မြန်မာနိုင်ငံထဲမှာ အခြေမပြုနိုင်အောင် ကျွန်တော်တို့ထပ်မံပြီးတော့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ ဒါကနိုင်ငံရေးပိုင်းနဲ့ပတ်သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ခိုင်မာစေဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ အမြဲတမ်းအားပေးထောက်ခံမှုကိုလည်း ရရှိခဲ့တယ်။
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကိုရရှိအောင် ဆွေးနွေးနိုင်ခဲ့တယ်။ နောက်တစ်ခု စီးပွားရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့ကူမင်းနဲ့ ချုံချင့်မှာလည်း တွေ့ဆုံခဲ့တယ်။ အောင်မြင်မှုရခဲ့တယ်။ မြန်မာနိုင်ငံကိုလာရောက်ပြီး စီးပွားရင်းနှီးမြှုပ်နှံလိုမှု၊ စိတ်ဝင်စားတဲ့သူတွေများပါတယ်။ ကျွန်တော်တို့အနေနဲ့က တရုတ်နိုင်ငံမှာ ဆောင်ရွက်ခဲ့တာတွေကို Action Plan အနေနဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေက တက်တက်ကြွကြွ လိုက်လုပ်ဖို့ပဲ လိုအပ်တယ်လို့ မြင်ပါတယ်။ တရုတ်ရဲ့ One Belt One Road စီမံကိန်းစတဲ့ မြန်မာနဲ့ဆိုင်တဲ့ CMR မြန်မာ-တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းတွေနဲ့ ပတ်သက်ပြီးလည်း မကြာမီတိုးမြင့်လာမယ်လို့ မျှော်မှန်းပါတယ်။
လူမှုရေးပိုင်းနဲ့ပတ်သက်ပြီး ပညာရေးကဏ္ဍဖြစ်တယ်။ ပညာရေးကဏ္ဍမှာ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြည်နယ်အဆင့်မှာရော၊ ဗဟိုအစိုးရအဆင့်မှာပါ ကျွန်တော်တို့ပညာတော်သင်အဖွဲ့တွေ ပိုပြီးတော့ခေါ်မှာ ဖြစ်တယ်။ မြန်မာနိုင်ငံလူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေးကို ဆက်လက်ပြီး ကူညီဆောင်ရွက်ပါမယ်။ ခရီးစဉ်ရဲ့အနှစ်ချုပ်ကို ပြောရမယ်ဆိုရင်ခရီးစဉ်ဟာ တရုတ်နိုင်ငံတင်မကဘဲ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ ဝန်ကြီးချုပ်တို့နဲ့ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်ဟာ မြန်မာပြည်သူ လူထုရဲ့လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အထူးကိုပဲအောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင် ပါတယ်။
ဦးဝင်းမြင့်( တွဲဖက်အတွင်းရေးမှူး)
မြန်မာနိုင်ငံတရုတ်ကုန်သည်များ အသင်းချုပ်
ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံပေါက် တရုတ်အမျိုးသားအဖွဲ့ ဒီမှာလာရောက်ပြီးတော့ နိုင်ငံရဲ့အကြီးအကဲကို ကြိုဆိုရတဲ့အတွက် စိတ်ထဲမှာအင်မတန်ဝမ်းသာ ပီတိဖြစ်မိပါတယ်။ တရုတ် - မြန်မာ နှစ်နိုင်ငံက နှစ်ပေါင်းထောင်နဲ့ချီပြီးတော့ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံတိုးတက်ရေး၊ ကျွန်တော်တို့နိုင်ငံရဲ့ ခေါင်းဆောင်ကြီး တရုတ်ပြည်မှာ ဆွေးနွေးပြီးတော့ နှစ်နိုင်ငံချစ်ကြည်ရေးအပေါ်မှာ အများကြီးအကျိုးသက်ရောက်မှုရှိတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံ ငြိမ်းချမ်းရေး၊ တိုးတက်ရေးအစစအရာရာ ဖြစ်နိုင်ပါတယ်လို့ ကျွန်တော်တို့ အပြည့်အဝယုံကြည်ပါတယ်။ ဒါကြောင့် နောက်နောင်မှာလည်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
ဦးဇော်ဇော်နိုင်(ဥက္ကဋ္ဌ)
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း
ဒီနေ့ ဒီအခမ်းအနားကတော့ နိုင်ငံတော်ဝန်ကြီးချုပ်ကြီးဦးဆောင်ပြီး တရုတ်ပြည်ခရီးစဉ်မှာ အောင်မြင်မှုတွေများစွာနဲ့ မြန်မာနိုင်ငံအတွက် စာချုပ်များစွာ ချုပ်ပေးလာတဲ့အတွက် ကျွန်တော်တို့ ရန်ကုန်မြို့ကနေလာရောက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ကို ဂုဏ်ပြုသောအားဖြင့် ကြိုဆိုတာပါ။ နိုင်ငံတော်အစိုးရကတော့ တရုတ်နိုင်ငံရဲ့ခရီးစဉ်တွေသွားတယ်။ အောင်မြင်တယ်။ ဒီလိုပဲ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့အောင်မြင်မှုတွေ များစွာရှိပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် စီးပွားရေးရော၊ ချစ်ကြည်ရေးဦးဆောင်ပြီး လုပ်လာတဲ့အတွက် ဂုဏ်ပြုပြီး လာကြိုတာဖြစ်ပါတယ်။ ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ ဒီပွဲကိုလာတက်ရတာ စိတ်ချမ်းမြေ့ပါတယ်။ ကြည်နူးမိပါတယ်။
ဦးနောင်တော်လေး(အယ်ဒီတာချုပ်) Myanmar National Post
ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့ တရုတ်ပြည်ကိုစသွားပြီး ဆွေးနွေးဆောင်ရွက်မှုတွေကို စဉ်ဆက်မပြတ်စောင့်ကြည့်တယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့ဆောင်ရွက်ချက်တွေဟာ တိုင်းပြည်မှာ ပကတိလိုအပ်ချက်တွေဖြစ်တဲ့ တည်ငြိမ်အေးချမ်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေဆောင်ရွက်နိုင်ခဲ့တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က လာရောက်ကြိုဆို ဂုဏ်ပြုသင့်တယ်။ ဒီလိုရှုမြင်တဲ့အတွက် အမျိုးသားရေးအင်အားစုတွေအနေနဲ့ လာရောက်ပြီး ကြိုဆိုကြခြင်း ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်ချက်၊ တစ်ဖက်က တိုင်းပြည်ကို တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်နေတဲ့ အဖွဲ့တွေရဲ့ဆောင်ရွက်ချက်တွေကို နှိုင်းယှဉ်ကြည့်နေရတာပါ။ အထူးအားဖြင့် တိုင်းပြည်အတွင်းမှာ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်နေတဲ့ အဖွဲ့အစည်းနယ်စပ်ဒေသမှာ အခြားတိုင်းပြည်တွေကို ခြေကုပ်ယူပြီး ကိုယ့်တိုင်းပြည်ကို ဖျက်ဆီးနေတဲ့အခြေအနေမျိုးမှာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့ အဓိကဖြစ်နေတယ်။ အထူးအားဖြင့် တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုခဲ့တဲ့စကားဟာ တိုင်းပြည်ရဲ့ ပကတိလိုအပ်ချက်ဖြစ်တယ်။ MNDAA ၊ TNLA ၊ AA အဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်းမှာ နစ်နာဆုံးရှုံးမှုတွေ အများကြီးဖြစ်တယ်။ သူတို့ဘက်ကငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့သဘောမျိုးမပြဘဲနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မယ်ဆိုတာက ယုတ္တိမရှိဘူး။ ဒါမျိုးလည်းခွင့်ပြုတော့မှာ မဟုတ်ဘူး။ ဒီလိုပြတ်ပြတ်သားသားပြောတာကို ကျွန်တော်တို့ မီဒီယာသမားတွေအနေနဲ့ ကြိုဆိုတယ်။ တရုတ်ပြည်အနေနဲ့လည်း တိုင်းရင်းသားလက်နက်ကိုင်ဆိုသူတွေရဲ့ လုပ်ရပ်တွေကို နားလည်လောက်ပြီလို့ထင်တယ်။ မြန်မာတစ်နိုင်ငံတည်းက ထိခိုက်တာ မဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း အကြမ်းဖက်လှုပ်ရှားမှုက ထိခိုက်မှုတွေရှိတယ်။ ဆုံးရှုံးနစ်နာမှုတွေရှိတယ်။ ဒီအပေါ်မှာ နိုင်ငံတော် အကြီးအကဲရဲ့ ဆွေးနွေးမှုတွေနဲ့ အခြားသော နိုင်ငံ့ခေါင်းဆောင်တွေကလည်း အပြုသဘောဆန်ဆန် သုံးသပ်တတ်မယ်ဆိုရင် ကိုယ့်နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက်သာမက ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက်ပါ အကျိုးရှိတဲ့ခရီးစဉ်တစ်ခုလို့ မြင်ပါတယ်။ ။