မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာ မြင့်မားခဲ့သောနိုင်ငံဖြစ်သည်။ နှစ်ပေါင်းရှည်ကြာစွာထွန်းကားလာခဲ့သော မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများမှာ ယနေ့ထက်တိုင် မပျောက်မပျက်တည်ထွန်းနေသောနိုင်ငံမှာ ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းရှိသည်ဟု ဆိုချင်သည်။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများမှာ အချို့နိုင်ငံများတွင် ပျောက်ပျက်မှေးမှိန်လျက်ရှိပြီး အချို့နိုင်ငံများတွင် အခါအခွင့်သင့်မှသာ အထိမ်းအမှတ်သဘော ထုတ်ဖော်ပြသကြသည်။
မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက် ထွန်းကားခဲ့သော ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများမှာ ယနေ့ထက်တိုင် မပျောက်မပျက်ဘဲ နှစ်သက်မြတ်နိုးတန်ဖိုးထား ဂုဏ်ယူနေဆဲ၊ နှစ်သက်မြတ်နိုးနေကြဆဲဖြစ်သည်။ ဥပမာအားဖြင့် ရှေးအစဉ်အဆက် နန်းမူနန်းဟန်များ၊ လေးချိုး၊ ဒွေးချိုး၊ ဘောလယ်၊ ပတ်ပျိုးများ၊ ဂန္ထဝင်တေးသီချင်းများ၊ မြန်မာ့စောင်းတူရိယာနှင့် အိုးစည်ဒိုးပတ် အတီးအခတ်အဆိုအကများကို ယနေ့ထက်တိုင် နှစ်သက်ခုံမင်စွာ တန်ဖိုးထားနေကြဆဲ၊ အသုံးပြုခံစားနေကြဆဲဖြစ်သည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ အဆိုပါ မြန်မာ့ယဉ်ကျေးမှု အနုသုခုမပညာရပ်များကို မြတ်နိုးတန်ဖိုးထားကြသလို စဉ်ဆက်မပြတ် မြှင့်တင်ပေးရန်လည်း လိုအပ်သည်။
လောကသဘာဝအရ အဟောင်းအဟောင်းတို့၏နေရာတွင် အသစ်အသစ်တို့ အစားထိုးနေရာယူကြသည်။ သို့သော် အဟောင်းအဟောင်းတို့ကို မပစ်ပယ်နိုင်ဘဲ တန်ဖိုးထားနေဆဲအရာမှာ မြန်မာ့ယဉ်ကျေးမှု အနုသုခုမပညာရပ်များဖြစ်သည်။ ဟောင်းသော်လည်းမရိုးနိုင်ဘဲ နှစ်သက်မြတ်နိုးတန်ဖိုးထားကြခြင်းသည် မြန်မာ့ယဉ်ကျေးမှုအနုသုခုမပညာရပ်များ၏ ထူးခြားသည့်ဂုဏ်ထူးဝိသေသ လက္ခဏာများကြောင့်ဖြစ်သည်။ ထူးခြားသောဂုဏ်ထူးလက္ခဏာများရှိနေသောကြောင့် အစိုးရအဆက်ဆက်သည် မြန်မာ့ယဉ်ကျေးမှုအနုပညာအမွေအနှစ်များကို မြှင့်တင်အားပေးကာ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိသည်။
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များတွင်ပါဝင်သည့် အနုသုခုမပညာရပ်များ မတိမ်ကောအောင်၊ ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်ပေးလျက်ရှိရာတွင် တစ်ခုတည်းသော ဆောင်ရွက်ချက်မှာ နိုင်ငံတစ်ဝန်းလုံးပါဝင်ဆင်နွှဲသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးဖြစ်သည်။ နိုင်ငံတစ်ဝန်း၌ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များ ထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိသော သက်ကြီးအနုသုခုမပညာရှင်များ၊ ရွက်ပုန်းသီးမျိုးဆက်သစ်များကို အဆိုပါပြိုင်ပွဲကြီးမှတစ်ဆင့် ထုတ်ဖော်ပေးလျက်ရှိသည်။ ၁၉၉၃ ခုနှစ်က စတင်ကျင်းပခဲ့သော မြန်မာ့အနုသုခုမ ပြိုင်ပွဲကြီးသည် ယနေ့အချိန်အခါတွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအဖြစ် ကျင်းပနိုင်ရန် အသင့်ဖြစ်နေသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ် မှစ၍ နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ရာ ရိုးရာယဉ်ကျေးမှုအနုပညာအမွေအနှစ်များ မပျောက်မပျက်ဘဲ ရှင်သန်ထွန်းကားလာသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရသည်။ မျက်မှောက်ကာလ နည်းပညာနှင့်ခေတ်ပေါ်ယဉ်ကျေးမှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်တိုးတက်လာချိန်တွင် ရှေးအစဉ်အဆက် ယဉ်ကျေးမှုဓလေ့စရိုက်များ မပျောက်ပျက်အောင် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရေးမှာ အရေးကြီးလျက်ရှိသည်။ နှစ်စဉ်မပျက်ကျင်းပလာခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် အစိုးရတစ်ဆက်လက်ထက်တွင် အကြောင်းအမျိုးမျိုးဖြင့် ရပ်ဆိုင်းခဲ့သည်ကို တွေ့ရသည်။ ရပ်ဆိုင်းခဲ့သောကာလအတွင်း ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများ ကွယ်လွန်သွားခြင်း၊ ရွက်ပုန်းသီးအနုပညာဝါသနာရှင်များ တိမ်မြုပ်သွားခြင်းများရှိခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အခက်အခဲအမျိုးမျိုးကြားမှ နှစ်စဉ်နှစ်တိုင်း ပြန်လည်ကျင်းပပေးခဲ့သည်။ နိုင်ငံတစ်ဝန်းမှ သက်ရှိထင်ရှား ကျန်ရှိနေသေးသော အနုပညာရှင်ကြီးများ၊ ဝါသနာရှင်များ၊ ရွက်ပုန်းသီးအနုပညာရှင်များ၊ မျိုးဆက်သစ် အနုပညာရှင်များ မိမိတို့ကျွမ်းကျင်ရာ အနုပညာဘာသာရပ်အလိုက် ဖော်ထုတ်ပြိုင်ပွဲဝင်နိုင်ခွင့် ရရှိလာသည်။ ယခုအခါ ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ ဗဟိုအဆင့်ပြိုင်ပွဲကြီးသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အသင့်ဖြစ်နေသည်။
သို့ဖြစ်ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ ဘိုးဘွားဘီဘင်များ လက်ဆင့်ကမ်းအမွေပေးခဲ့သည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော အနုသုခုမပညာရပ်များကို နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှတစ်ဆင့် ဖော်ထုတ်မြှင့်တင်ပေးပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ မြင့်မားတိုးတက်လာအောင် ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါကြောင်း။ ။