နေပြည်တော် ဇူလိုင် ၁၆
NUG, CRPH အကြမ်းဖက်အဖွဲ့များ၏ လက်ဝေခံများဖြစ်သည့် CNF, CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ချင်းပြည်နယ် ထန်တလန်မြို့အား အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှစ၍ ထန်တလန်မြို့၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား သာလွန်အင်အားများ၊ လက်နက်ကြီးများကို အဆမတန်အသုံးပြု၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံးဌာနများ၊ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ လူနေအဆောက်အအုံများကို အကာအကွယ်ရယူကာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသက်ကိုပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခံ ခုခံခဲ့ကြသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာ ရရှိမှုများ များပြားလာခြင်း၊ ခဲယမ်းများနည်းပါးလာခြင်း၊ ရာသီဥတုအခြေအနေ၊ နယ်မြေအခြေအနေနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာသည့်အတွက် ထန်တလန်မြို့မှ ခေတ္တဆုတ်ခွာပေးခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ထန်တလန်မြို့အား ယာယီထိန်းချုပ်ထားစဉ်အတွင်း လူနေအဆောက်အအုံများအတွင်းရှိ အသုံးအဆောင်ပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်အသုံးပြုခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံးဌာနများ၊ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ၌ ဘန်ကာများ၊ ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများ ပြုလုပ်ကာ အခိုင်အမာခံစစ်ဆင်၍ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ရန် ကြိုးပမ်းလာသောကြောင့် တပ်မတော်စစ်ကြောင်းများက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြို့၊ ရွာများအတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လူနေအဆောက်အအုံများ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် ပြန်လည်သိမ်းပိုက်ရရှိရေးတို့အတွက် စီမံချက်များရေးဆွဲကာ လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီး အဆိုပါအကြမ်းဖက်သောင်းကျန်းသူများအား အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter– Terrorism Operation) ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ထန်တလန်မြို့အား အလုံးစုံ ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်။
ထိုသို့ ထိခိုက်သေဆုံးမှုများပြားခဲ့သော CNF, CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ထန်တလန်မြို့အား ပြန်လည်တိုက်ခိုက်ရန်အတွက် လူ၊ လက်နက်ခဲယမ်းများ ပြန်လည်စုဆောင်းကာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် ဒုတိယအကြိမ်အဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အလစ်အငိုက်ရယူကာ လူအင်အား၊ လက်နက်အင်အား သာလွန်စွာဖြင့် တိုက်ခိုက်လာခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ထန်တလန်မြို့အား ရန်သူ့လက်သို့ မကျရောက်စေရေး ကျားကုတ်ကျားခဲ ရဲရဲဝံ့ဝံ့ခုခံခဲ့ကြသော်လည်း အကြမ်းဖက်သောင်းကျန်းသူများသည် လူအင်အားများ အဆမတန် ဖြည့်တင်းလာခြင်း၊ ပြည်သူလူထုနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု များပြားလာခြင်းများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထန်တလန်မြို့အတွင်းရှိ နေရာအချို့အား ယာယီ ဆုတ်ခွာစွန့်လွှတ်ခဲ့ကြရပြီး ရန်သူအား ရင်ဆိုင်ထိန်းချုပ်ထားခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ထန်တလန်မြို့အတွင်းရှိ ယာယီစွန့်လွှတ်ခဲ့ရသော နေရာများအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး ၂၀၂၆ ခုနှစ် ဇွန် ၁၂ ရက်မှစ၍ အကြမ်းဖက်သောင်းကျန်းသူများအား အခက်အခဲမျိုးစုံကြားမှ သက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ထန်တလန်မြို့အတွင်းရှိ မြို့နယ်ရဲစခန်းအား ဇွန် ၁၃ ရက်တွင်လည်းကောင်း၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းအား ဇွန် ၁၉ ရက်တွင် လည်းကောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအား ဇူလိုင်လ ၅ ရက်တွင် လည်းကောင်း၊ ပြည်သူ့ဆေးရုံအား ဇူလိုင်လ ၈ ရက်တွင်လည်းကောင်း၊ မြို့နယ်မီးသတ်ရုံးအား ဇူလိုင် ၁၂ ရက်တွင်လည်းကောင်း၊ ဇူလိုင် ၁၅ ရက်နေ့ ညနေပိုင်းတွင် ဟိုတယ်ဇုန်နေရာအားလည်းကောင်း အသီးသီးပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သဖြင့် ယနေ့တွင် ထန်တလန်မြို့အား အလုံးစုံ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။
အဆိုပါဒေသများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အညီ ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ ဒေသအလိုက် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများအလိုက် ဒေသတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
