Skip to main content

တစ်မျိုးသားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ရက်သတ္တတစ်ပတ်သာလိုပြီဖြစ်သည်။ သန်းခေါင်စာရင်းဟုအလွယ်ခေါ်ကြသည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်များ အများအပြားရှိရာ အနှစ်ချုပ်အားဖြင့် ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လိုအပ်သောသတင်းအချက်အလက်များရရှိနိုင်ရန်နှင့် ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်စေရန်ပင်ဖြစ်သည်။

မကြာမီ နိုင်ငံတစ်ဝန်းလုံးတွင် အိမ်တိုင်ရာရောက် လိုက်လံကောက်ယူကြတော့မည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း၏ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံ၏တိကျမှန်ကန်သည့် လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိစေရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အကြား မြန်မာနိုင်ငံ၏လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာသုတေသနပြုပြီး လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်နိုင်ရန်၊ စီမံကိန်းများ၊ မဟာဗျူဟာနည်းဗျူဟာများ ရေးဆွဲဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့်အညွှန်းကိန်းများ ပံ့ပိုးပေးနိုင်ရန်၊ မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ် (National Statistical System) ၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (National Strategy for Development of Statistics- NSDS) ကို အထောက်အပံ့ပြုနိုင်ရန်၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူဖြစ်စေရန်ဟူ၍ ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ဆရာဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသူကျောင်းသားများ၊ ဗော်လံတီယာများက စာရင်းစစ်၊ စာရင်းကောက်များအဖြစ် ပါဝင်ဆောင်ရွက်သွားကြမည်ဖြစ်ရာ လက်ရှိအချိန်တွင် သင်တန်းများ ၁၂ ရက်ကြာ သင်ကြားပို့ချပေးနေသကဲ့သို့ ပြည်သူများကိုလည်း အသိပညာပေးဟောပြောမှုများ အမြို့မြို့အနယ်နယ်တွင် ပြုလုပ်ပေးလျက်ရှိသည်။ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းသည် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွန်စွာအရေးပါသည်။ သန်းခေါင်စာရင်းအပေါ်တွင်အခြေခံ၍ မဲစာရင်းများပြုစုကာ ယင်းမှတစ်ဆင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပ၍ နိုင်ငံတော်ကို ပြည်သူရွေးချယ်သည့် လမ်းကြောင်းအတိုင်း သွားကြရန်ဖြစ်သည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းကို လာမည့်အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူသွားမည်ဖြစ်ရာ စာရင်းစစ်၊ စာရင်းကောက်ပေါင်း ၄၂၀၀၀ ခန့်က စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်တွင် ကောက်ယူသွားမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် မိမိတို့ထံရောက်ရှိလာမည့် စာရင်းကောက်များက မေးမြန်းကြမည့် အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုတို့ကို မှန်ကန်စွာဖြေကြားပေးခြင်းဖြင့် တာဝန်ကျေပွန်ကြရမည်ဖြစ်သည်။ သန်းခေါင်စာရင်းမေးခွန်းများသည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း နိုင်ငံအတွက်လိုအပ်သော အချက်အလက်များအနေဖြင့် ‌ကောက်ယူခြင်းသာဖြစ်ပြီး ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့် အချက်အလက် အလွဲသုံးမှုတို့မဖြစ်ပေါ်စေရန် ဥပဒေဖြင့်အကာအကွယ်ပေးထားခြင်းဖြစ်ရာ စိုးရိမ်ကြောင့်ကြခြင်းကင်းစွာဖြင့် ဖြေကြားကြရေး အလေးအနက်တိုက်တွန်းလိုသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သော အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များ ရရှိစေရေး ကြိုးပမ်းဆောင်ရွက်မှုဖြစ်သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် ပြည်သူတစ်ရပ်လုံးက အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။