ပြီးခဲ့သည့်ရက်သတ္တပတ်က တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း ရာဂီ၏အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ်အရှိန်တို့ကြောင့် စက်တင်ဘာလ ၁၀ ရက် နေ့မှစတင်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ပေါ်ခဲ့သည်။
နေရာအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် မြန်မာနိုင်ငံအတွင်းရှိ တောင်ပေါ်ဒေသများမှ တောင်ကျရေများ ဆင်းသက်လာမှု၊ မြစ်ရေနှင့်ချောင်းရေများ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တို့တွင် ရုတ်တရက်ရေကြီးရေလျှံမှုများဖြစ်ပေါ်လာခဲ့သည်။ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များရှိ လမ်းပန်းဆက်သွယ်ရေးနှင့် လူနေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ပြီး အများပြည်သူ ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ ခဲ့ရသည်။
ရေကြီးရေလျှံသဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသော မြို့နယ်များတွင် သက်ဆိုင်ရာနယ်မြေအလိုက် နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့်အတူ ရေဘေးသင့်ပြည်သူများအား အရေးပေါ်ကယ်ဆယ်ပေးခြင်း၊ ရေဘေးလွတ်ရာနေရာများသို့ အလျင်အမြန် ရွှေ့ပြောင်းပို့ဆောင်ပေးခြင်း၊ ပျက်စီးသွားသော လမ်းတံတားများကို ပြန်လည်ပြုပြင် တည်ဆောက်ပေးခြင်း၊ ပြိုကျပျက်စီးသွားခဲ့သည့် အုတ်တံတိုင်းများနှင့် အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းပေးခြင်း၊ လမ်းများ၌ပိတ်ဆို့နေသော သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းပေးခြင်းနှင့် ရေဘေးသင့်ပြည်သူများအား စားရေရိက္ခာ၊ ဆေးဝါးစသည့် လိုအပ်သည်များ ကူညီဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်နေမှုအခြေအနေများနှင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို စက်တင်ဘာလ ၁၃ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ရေကြီးရေလျှံမှုဒဏ် ခံခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်ပြည့်အားပြည့်ဖြင့် အမြန်ဆုံးဆက်လက်ဆောင်ရွက်သွားရန်၊ ရေဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးရောက်ရှိရေးအတွက် ဆောင်ရွက်သွားရန်၊ တိုင်ဖွန်းမုန်တိုင်း ရာဂီ၏အရှိန်ကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့် အခြားနိုင်ငံများနည်းတူ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးရရှိရေးအတွက်လည်း နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးချိတ်ဆက် ရယူနိုင်ရေးဆောင်ရွက်သွားရန်နှင့် ရေဘေးသင့်ပြည်သူများအား အမြန်ဆုံးထောက်ပံ့ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဖြစ်ပေါ်ခဲ့သော မုန်တိုင်းနှစ်ခု၏ အရှိန်များကြောင့် အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ရေကြီးရေလျှံအန္တရာယ်များ ဆိုးဆိုးရွားရွား ခံစားခဲ့ကြရသည်။ ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီး ပျက်စီးဆုံးရှုံး ထိခိုက်ခံစားရမှုများကို နိုင်ငံတော်အစိုးရ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများနှင့် အလှူရှင်များက မေတ္တာကရုဏာရှေ့ထားပြီး စာနာထောက်ထားမှုဖြင့် ပြန်လည်ကုစားပေးလျက်ရှိသည်။ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီခွဲအချိန် မိုးလေဝသနှင့် ဇလဗေဒမှ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းကမ်းခြေတို့တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းတစ်ခုသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာပြန်သည်။ ယင်းမုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားခြင်းမရှိသော်လည်း အဆိုပါမုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံဘက်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည်။
ထို့ကြောင့် ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်ကဲ့သို့ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းမှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။ မုန်တိုင်းအန္တရာယ်သည် မြန်မာနိုင်ငံသို့ ဦးတည်တိုက်ခတ်ခြင်းမရှိသော်လည်း ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းများ၏အရှိန်ကြောင့် မြန်မာနိုင်ငံတွင်လည်း သဘာဝဘေးဒဏ်ကို ခံကြရသည်။
ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ထိခိုက်မှုများကို အလျင်အမြန် ပြန်လည်ထူထောင်ပေးလျက်ရှိပြီး ထပ်မံဖြစ်ပေါ်လာနိုင်သည့် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက ထိခိုက်ဆုံးရှုံးနိုင်ခြေအနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရေးနှင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ရေးတို့ကို ကြိုတင်အသင့်ပြင်ဆင်၍ တက်ညီလက်ညီလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။