Skip to main content

လုံခြုံရေးအသိအမြဲသတိရှိ ပြည်ထောင်စုစိတ်ဓာတ်ဖြင့်ကာကွယ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၂၄) ဖြင့် အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိသည့် MNDAA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့၊ TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် AA လက်နက်ကိုင်အဖွဲ့တို့ကို စက်တင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အဆိုပါအကြမ်းဖက် အုပ်စုများနှင့်ဆက်နွှယ်နေသူများသည် အကြမ်းဖက်မှုအားပေးနေကြသူများဖြစ်နေသည်ကို သတိမူရမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ပြီး မဲမသမာမှုများကို တာဝန်ယူဖြေရှင်းပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ဆောင်ရွက်လာသဖြင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်များနှင့်အညီ နိုင်ငံတော်ကို နိုင်ငံရေးအခြေအနေအရ အရေးပေါ်အခြေအနေကြေညာကာ နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးကို ဖော်ဆောင်ပေးနိုင်မည့် စစ်ဘက်၊ အရပ်ဘက်ပုဂ္ဂိုလ်များဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီး နိုင်ငံတော်၏တာဝန်များအား ထမ်းဆောင်လျက်ရှိသည်ကို အားလုံးသိရှိကြပြီး ဖြစ်သည်။

နိုင်ငံတော်ကို စတင်တာဝန်ယူစဉ်က ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်ခဲ့သည့် အကျပ်အတည်းများနှင့် နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများ ကြောင့် အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ရပ်များကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုအလေးထားပြီး ခေတ်အဆက်ဆက် NCA လမ်းကြောင်းအပေါ်တွင်သာ ငြိမ်းချမ်း ရေးကိုအလေးထားကာ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းခဲ့သည်။ သို့သော် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းဖြစ်ပေါ်နေမှုကို အခွင့်ကောင်းယူပြီး နယ်မြေချဲ့ထွင်ရန်လုပ်ကိုင်လာကြသည်။

နိုင်ငံတော်တွင် မဲမသမာမှုကိုအကြောင်းပြု၍ နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်ပေါ်ချိန်တွင် နိုင်ငံရေးအမြတ်ထုတ်လိုသည့် CRPH ၊ NUG အကြမ်းဖက်အဖွဲ့များ၏ ပယောဂဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာပြီး ၎င်းတို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က စစ်သင်တန်းနှင့်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများပေးခြင်းပြုလုပ်ပြီးနောက် မြို့ရွာများတွင် ပြည်သူများ အကြောက် တရားကြီးမားလာအောင်၊ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မြို့ရွာလမ်းတံတားများကို မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။ ထို့အပြင် အကြမ်းဖက်သောင်းကျန်းသူများ၏ နယ်မြေချဲ့ထွင်ရေးတွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို အသုံးချလာခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်၍ MNDAA လက်နက်ကိုင်သောင်းကျန်း သူအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ရွာတပ်စခန်းများကို အင်အားသုံး တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။ တစ်ဆက်တည်းတွင် TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ရွာတပ်စခန်းများကို တိုက်ခိုက်မှုများပြုလုပ်လာခဲ့သည်။ အလားတူ AA လက်နက်ကိုင်အဖွဲ့သည် ရခိုင် ပြည်နယ်အတွင်းရှိ မြို့ရွာများကို တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်လာခဲ့သည်။ သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် နေရင်းဒေသများနှင့် နေအိမ်စည်းစိမ်များကိုစွန့်ခွာပြီး အခြား ဘေးလွတ်ရာဒေသများတွင် ယာယီသွားရောက်ခိုလှုံနေထိုင်ကြရသည်။ စစ်ဘေးစစ်ဒဏ်များခံစားကြရပြီး အသက်ခန္ဓာ၊ အိုးအိမ်စည်းစိမ်များ ဆုံးရှုံးပျက်စီးကြရသည်။

၎င်းတို့အဓမ္မသိမ်းပိုက်ထားသည့် မြို့ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ် ဆင်မှုများကို ကာကွယ်နိုင်ရန်အတွက် ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံများ၊ အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံများကို အသုံးပြုကြခြင်း၊ အပြစ်မဲ့ဒေသခံပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာသွားသူများကို မူရင်းဒေသများ၌ ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းတို့ကိုပြုလုပ်လျက်ရှိသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ပြည်ထောင်စုကြီးမပြိုကွဲအောင် မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော်၏အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ် စောင့်ရှောက်သွားမည်ဖြစ်၍ ဖော်ပြပါအကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုအခြေအနေအပေါ်မူတည်ပြီး လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ရာ ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချခံမဖြစ်စေရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သတိပြုကြရန်နှင့် တည်ငြိမ်အေးချမ်းရေးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ခံယူတည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။        ။