Skip to main content

ဉာဏ်ပညာရှေ့ထား၍ သတိပြုရှောင်ရှား

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ခြင်းသည် တပ်မတော်၏ အဓိကတာဝန်တစ်ရပ်ဖြစ်သည်။ လက်ရှိမိမိတို့နိုင်ငံဖြတ်သန်းနေရသည့် အခြေအနေမှာ အယူဝါဒမတူ၊ ဦးတည်ချက်၊ ရည်မှန်းချက်မတူ၊ အကျိုးစီးပွားမတူသော လက်နက်ကိုင်အကြမ်းဖက်အုပ်စုကွဲများစွာတို့က နိုင်ငံကိုတစ်စစီဖြစ်အောင် ဖြိုခွဲဖျက်ဆီးပြီး အပျက်အစီးအစိတ်အပိုင်းအသီးသီးတို့အပေါ်တွင် တစ်ဗိုလ်တစ်မင်း အာဏာထူထောင်ရန်ဟူသောအကြံဖြင့် မီးကုန်ယမ်းကုန် အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးနေကြသည့် အခြေအနေပင်ဖြစ်သည်။

လူမှုကွန်ရက်မီဒီယာများတွင်တွေ့ရှိရသော အချက်အလက်များ၊ သတင်းများအရ တော်လှန်ရေးဟုအမည်ခံထားသည့် ခေါင်းစဉ်အောက်တွင် လက်ဟောင်းလူမျိုးစုလက်နက်ကိုင် သောင်းကျန်းသူအဖျက်သမားများ၊ ၂၀၂၁ ခုနှစ်အလွန်တွင် ထွက်ပေါ်လာသည့် အကြမ်းဖက်အုပ်စု NUG ၏ လက်ဝေခံ PDF အကြမ်းဖက်သမားများ၊ ဒေသအလိုက်ဗိုလ်လုပ်နေကြသည့် လက်နက်ကိုင်အုပ်စုကွဲများ၊ သောင်းကျန်းသူအချို့က ပြန်လည်အသက်သွင်း ပွဲထုတ်ပေးလာသည့် ဗကပများစသည်ဖြင့်အများအပြားပါဝင်နေပြီး ၎င်းတို့အချင်းချင်း နယ်လုခြင်း၊ ဗိုလ်လုခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ငွေကြေးလိမ်လည်ခြင်းစသည်ဖြင့် ရှုပ်ထွေးနေကြသည်ကိုတွေ့ရသည်။ ဆူပူမှုအစောပိုင်းကာလတွင် အများကြိုက်ကြွေးကြော်ခဲ့ကြသည့် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး စသည့်အသံများကို နောက်ပိုင်းတွင် လျှော့ချလာပြီး စစ်အာဏာရှင်ဖြုတ်ချရေးဟူသည့်အသံဖြင့် အစားထိုးလာကြသည်မှာ သတိပြုဖွယ်ရာဖြစ်သည်။ ဤသည်မှာ နိုင်ငံမပြိုကွဲအောင် စုစည်းထားနိုင်သည့် တစ်ခုတည်းသောအင်အားဖြစ်သည့် တပ်မတော်ကို ဖယ်ရှားရှင်းလင်းရန်နှင့် တပ်မတော်မရှိတော့သည့် နိုင်ငံတွင်ထင်တိုင်းကြဲနိုင်ရန် အဓိကဦးတည်ထားခြင်းဖြစ်သည်ကိုလည်း နားလည်ထားကြရန်လိုသည်။ တစ်ချိန်က ပဲခူးရိုးမမှ ထွက်ပြေးသွားခဲ့ရပြီး အရှေ့မြောက်ဒေသတွင် ချုပ်ငြိမ်းသွားခဲ့သည့် ဗကပများ တစ်ဖန်ပြန်လည်ပေါ်ထွက်လာပြီး ဒီမိုကရေစီအမည်ခံထားသည့် အကြမ်းဖက် NUG နှင့် အတူတကွ တော်လှန်ရေးလှိုင်းစီးနေကြသည်မှာ ပေါ်ပေါ်ထင်ထင်ဖြစ်လာပြီဖြစ်သည်။

မိမိတို့၏ ပြည်ထောင်စုကို ပြိုကွဲပျက်စီးအောင် လက်ဝဲလက်ယာ အဖျက်သမားတို့က ဝိုင်းဝန်းတိုက်ခိုက်ကြရာတွင် ပြည်ပအင်အားကြီးလက်မည်း၏ နောက်ကွယ်မှ ကြိုးကိုင်မှုမှာလည်း သတိပြုဖွယ်ပင်ဖြစ်သည်။ မကြာမီက အနောက်အုပ်စု အင်အားကြီးနိုင်ငံမှ လူပုဂ္ဂိုလ်တစ်ဦးနှင့် မြန်မာနိုင်ငံမှ လူမျိုးစုလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ (၄) ဖွဲ့တို့ တွေ့ဆုံမှုပြုခဲ့သည်ဆိုသည့်သတင်းများ ထွက်ပေါ်ခဲ့သည့်နောက်ပိုင်းတွင် ဘာသာရေးအရ သွေးခွဲမှုလုပ်ရပ်များ အရှိန်မြင့်တက်လာသည်မှာ တိုက်ဆိုင်မှုမဟုတ်ဟု ဆိုနိုင်သည်။ လူမျိုးစုလက်နက်ကိုင်သောင်းကျန်းသူများ၏ ဖော်မြူလာဖြစ်သော လူမျိုးရေးမုန်းတီးစေရန် လှုံ့ဆော်မှုများအပြင် ဘာသာရေးအရပါ မုန်းတီးရန်၊ သွေးကွဲရန် ဖန်တီးလာကြခြင်းမှာ ယုတ်မာပက်စက်၍ အောက်တန်းကျသည့် နည်းလမ်းဖြစ်သည့်အလျောက် ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည့် မိမိတို့နိုင်ငံ၏ ပြည်ထောင်စုဖွား သားချင်းများအားလုံးက ဉာဏ်ပညာရှေ့ထားကာ သတိပြုရှောင်ရှားကြရန်လိုသည်။

လက်ရှိကာလတွင် မြို့ရွာဒေသအချို့ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်း သူတို့၏ ထိန်းချုပ်မှုအောက် ကျရောက်လျက်ရှိရာ ယင်းအခြေအနေသည် ကာလရှည်ကြာခွင့်ပြုထား၍မရဘဲ နိုင်ငံတော်၏အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုယန္တရားအောက်သို့ မဖြစ်မနေ ပြန်လည်ထားရှိရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် “လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုတို့ကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိမှု၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွား မည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူ များအနေဖြင့် ၎င်းတို့၏ အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေး တို့အတွက် သတိပြုကြရန်လိုအပ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်ကို အထူး သတိပြုကြရန်လိုသည်။

ဒီမိုကရေစီစနစ်အရ နိုင်ငံ၏အချုပ်အခြာအာဏာကို ပိုင်စိုးသူမှာပြည်သူလူထုဖြစ်ပြီး အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်သူ (Guardian) မှာ တပ်မတော်ပင်ဖြစ်သည့်အလျောက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတာဝန်များကို ထမ်းဆောင်ရာတွင် တိုင်းရင်းသားနိုင်ငံသားပြည်သူတစ်ရပ်လုံး တက်ကြွ စည်းလုံးညီညွတ်စွာ ပါဝင်ကြရပါမည့်အကြောင်း။ ။