Skip to main content

၂၀၂၄ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

နေပြည်တော် မေ ၃၁

၂၀၂၄ ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနရှိ Meeting Hall ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးကောင်စီနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့မှ ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

နှစ်စဉ်ကျင်းပဆောင်ရွက်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုကျဆင်းရေးကိုရည်ရွယ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မေ ၃၁ ရက်နေ့ကို ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်အခမ်းအနားများ နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ၂၀၂၄ ခုနှစ် “ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “Protecting Children From Tobacco Industry Interference” ဖြစ်ကြောင်း၊ မြန်မာဘာသာဖြင့် “ဆေးလိပ် ဆေးရွက်ကြီး လွှမ်းမိုးမှုအန္တရာယ်၊ သတိပြုကာကွယ်တို့လူငယ် ဟု ဘာသာပြန်ဆိုထားကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် အင်တာနက်နှင့် လူမှုကွန်ရက်စာမျက်နှာသုံးစွဲမှု မြင့်မားလာသည့်အချက်ကို အခွင့်ကောင်းယူ၍ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း ထုတ်လုပ်ရောင်းချသူများသည် ၎င်းတို့၏ ထုတ်ကုန်များကို သုံးစွဲလာစေရန်နည်းမျိုးစုံဖြင့် ဆောင်ရွက်လာကြကြောင်း။

တားဆီးကာကွယ်

အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူငယ်များကို ဦးတည်ဆွဲဆောင်လာကြကြောင်း၊ အချို့သောသုတေသနအဖွဲ့အစည်းများကို ငွေကြေးအမြောက်အမြားပေးပြီး ၎င်းတို့၏ထုတ်ကုန်များကို သုံးစွဲခြင်းဖြင့် ကျန်းမာရေးထိခိုက်မှုမရှိဟူသော သတင်းအမှားများကို လူငယ်များထံသို့ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေပေးလျက်ရှိသည့် အပြင် E-cigarette၊ Vape ၊ Heated Tobacco Products အစရှိသည့် အီလက်ထရောနစ်အငွေ့ရှူစက်များကို လူငယ်များသာမက ကလေးငယ်များအကြိုက်ဖြစ်အောင် ပုံစံအမျိုးမျိုး၊ အနံ့အရ သာအမျိုးမျိုးဖြင့်ထုတ်လုပ်ပြီး ထင်ပေါ်ကျော်ကြား လူသိများသူများဖြင့် လူမှုကွန်ရက်စာမျက်နှာနှင့် မီဒီယာများမှ အရောင်းမြှင့်တင်နေကြကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း WHO Framework Convention on Tobacco Control - article 5.3 အရ ပြည်သူ့ကျန်းမာရေးဆိုင်ရာမူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာစေရန် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း ထုတ်လုပ်ရောင်းချသူများက နည်းအမျိုးမျိုးဖြင့် ဟန့်တားနှောင့်ယှက်နေသည့်အပေါ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တားဆီးကာကွယ်သွားရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ဆေးရွက်ကြီး ထိန်းချုပ်ရေးအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း WHO Framework Convention on Tobacco Control ကို ၂၀၀၃ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီး ကွန်းဗင်းရှင်း ပါပြဋ္ဌာန်းချက်များကို အခြေခံ၍ ၂၀၀၆ ခုနှစ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းဆောင်ရွက်ခဲ့ကြောင်း၊ အသက် ၁၈ နှစ်မပြည့်သေးသူကို ဆေးလိပ်ရောင်းချခြင်း မပြုရန်၊ ကျောင်းပုရဝုဏ်အတွင်းနှင့် ကျောင်းပုရဝုဏ်မှ ပေ ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခြင်း မပြုရန် ဥပဒေအရတားမြစ်ထား ပြီးဖြစ်ကြောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် အကျိုးပြုလုပ်ငန်းများတွင် အထောက်အပံ့ပေးခြင်းများကို ဥပဒေအရပြစ်မှု၊ ပြစ်ဒဏ်များဖြင့် တင်းကျပ်စွာတားမြစ်ထားကြောင်း၊ ကျန်းမာရေးကိုထိခိုက်စေနိုင်သည့်အတွက် အီလက်ထရောနစ် အငွေ့ရှူစက်များအပါ အဝင်ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုအန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေအသိပညာမြှင့်တင်ပေးခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေး လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများဖန်တီးပေးခြင်းဖြင့် လူငယ်များကို ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း ထုတ်လုပ်ရောင်းချသူများ၏ လှည့်ဖြားမှုအန္တရာယ်မှ အကာအကွယ်ပေးနိုင်ရန်အတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ပြခန်းကြည့်ရှု

ထို့နောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်မှတ်တမ်းဗီဒီယိုပြသပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ပြခန်းငယ်ကို လှည့်လှည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။  

သတင်းစဉ်