နေပြည်တော် ဧပြီ ၂၉
(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ (အပေါ်ထပ်)၌ ကျင်းပသည်။
ဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဇွန် ၁ ရက်မှ ၉ ရက်အထိ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဗိုဗီနမ်နှင့်ရေကူးအားကစားနည်းနှစ်နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသားအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကို နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်း၊ (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှအဆင့်အတန်းမီမီဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြိုင်ပွဲကာလ နီးကပ်လာပြီဖြစ်သည့်အတွက် အားကစားသမားများ ထိခိုက်ဒဏ်ရာမရရှိစေရန်နည်းပြများက အနီးကပ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အုပ်ချုပ်/နည်းပြနှင့် အားကစားသမား ၂၁ ဦးကို စေလွှတ်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အာဆီယံကျောင်းသား အားကစားပြိုင်ပွဲသည် အခြေခံပညာအဆင့် ကျောင်းသားများသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အားကစားပြိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် ထိုက်သင့်သည့်ဆုတံဆိပ်များ ဆွတ်ခူးပေးနိုင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲသုံးအားကစား အထောက်အကူပြုပစ္စည်းများကိုလည်း ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဦးရဲမြင့်နှင့် အစည်းအဝေးသို့တက်ရောက်လာကြသူများက (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အဆိုပါအစည်းအဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်