Skip to main content

(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၂

(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဆေးသုတေသနဦးစီးဌာန အမှတ် (၅) ဇီဝကလမ်း ဒဂုံမြို့နယ် ရန်ကုန်မြို့တွင် ယနေ့နံနက်ပိုင်းကကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ၊ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က Video Message ပေးပို့၍ ဂုဏ်ပြုမိန့်ခွန်း ပြောကြားသည်။

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်၏ ဂုဏ်ပြုမိန့်ခွန်းကို စာမျက်နှာရှေ့ဖုံးနှင့် ၃ တွင် သီးခြားဖော်ပြထားပါသည်။)

ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကားပြောကြားရာတွင် ယခုနှစ်ကျင်းပသည့်ညီလာခံကို “ခိုင်မာပြီး သုတေသနကျင့်ဝတ်နှင့်ပြည့်စုံသော သုတေသနကောင်းများကို တိုးမြှင့်ဆောင်ရွက်ကြပါစို့ - Enhancing Research Integrity and Research Ethics” ဟု သတ်မှတ်ထားရှိပါကြောင်း၊ ယခုနှစ်သုတေသနညီလာခံတွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်ရုံးချုပ်) ရှိ အဆင့်မြင့် မော်လီကျူးသုတေသနစင်တာ (Advanced Molecular Research Centre) ၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ်အတွက် ဂုဏ်ပြုအမှတ်တရ အစီအစဉ်တစ်ခုပါဝင်သည်ဟု သိရှိရကြောင်း။

သုတေသနစာတမ်းများပါဝင်

ညီလာခံသို့တင်သွင်းမည့် စာတမ်းများတွင် ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်သည့် မြန်မာနိုင်ငံ၌ ရင်ဆိုင်တွေ့ကြုံခဲ့ရသော ကိုဗစ်ကပ်ရောဂါဆိုင်ရာ ပြည်သူ လူထု၏ ကျန်းမာရေးအသိပညာ၊ ရောဂါကာကွယ်မှုနှင့် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ ကူးစက်နိုင်သော ဆေးယဉ်ပါးတီဘီရောဂါဆိုင်ရာ သုတေသနစာတမ်းများ၊ မကူးစက်တတ်သော ရောဂါများအားကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲများ၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်မတော်ဆေးသုတေသနတပ်မှ သုတေသီများဆောင်ရွက်ခဲ့သည့် သုတေသနစာတမ်းများ ပါဝင်သည်ကို တွေ့ရှိရကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနသည် သုတေသနများ ပိုမိုဖွံ့ဖြိုးတိုးတက် ရေးအတွက် ယခုဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများမှ သုတေသီများအား အသုံးချ သုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် သုတေသန စီမံချက် ၂၀၁ ခုအတွက် ခွင့်ပြုငွေကျပ်သန်း ၁၁၀၀ ကျော် ခွဲဝေချထားခဲ့ပေးပြီးဖြစ်ကြောင်း။

သုတေသနညီလာခံသည် သုတေသန ပညာရှင်များ၊ ဆေးပညာရှင်များ၊ စီမံခန့်ခွဲသူများက သုတေသနရလဒ်နှင့် တွေ့ရှိ ချက်များကို ၎င်းတို့၏အတွေ့အကြုံနှင့် အသိပညာများကိုအခြေပြု၍ သုံးသပ်ချက်များ၊ အကြံပြုချက်များအား မျှဝေရာနေရာ လည်းဖြစ်ခြင်းကြောင့် မူဝါဒ၊ စီမံခန့်ခွဲမှု၊ လုပ်ငန်းဆောင်ရွက်မှုနှင့် အမျိုးသားကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများအတွက် များစွာအရေးကြီးလှသဖြင့် သုတေသနပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။

သုတေသနပိုစတာပြပွဲကြည့်ရှု

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သုတေသနပိုစတာပြပွဲကို လှည့်လည် ကြည့်ရှုသည်။

ဆက်လက်၍ ပထမနေ့နံနက်ပိုင်း အစီအစဉ်အဖြစ် ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီးကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံထားမှုဆိုင်ရာ သုတေသနစာတမ်း၊ ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှု အကြောင်းရင်း ရောဂါလက္ခဏာများ၊ ဓာတ်ခွဲဓာတ်မှန်စမ်းသပ်မှုနှင့် ရောဂါဖြစ်စဉ်များအား လေ့လာသောသုတေသန စာတမ်း၊ မြန်မာနိုင်ငံလက်ရွေးစင် အားကစားသမားများအကြားတွင် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သော အပြုအမူများ ဖြစ်ပေါ်ပျံ့နှံ့မှုများအား လေ့လာခြင်း သုတေသနစာတမ်းများကို ဖတ်ကြားတင်ပြကြပြီး တက်ရောက်လာသော ပညာရှင်များ၊ သုတေသီများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး နံနက်ပိုင်းစာတမ်းဖတ်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

မွန်းလွဲပိုင်းတွင် ကိုရီးယားအပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency- KOICA) က ဆောက်လုပ် လှူဒါန်းခဲ့သော ဆေးသုတေသနဦးစီးဌာန (ရန်ကုန်ရုံးချုပ်)ရှိ အဆင့်မြင့်မော်လီကျူး သုတေသနစင်တာ (Advanced Molecular Research Centre) ၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ်အတွက် ဂုဏ်ပြုအမှတ်တရ အစီအစဉ်ကို ကျင်းပသည်။

ယင်းအစီအစဉ်တွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ကိုရီးယားနိုင်ငံတို့မှ အပြည်ပြည်ဆိုင်ရာတီဘီရောဂါ သုတေသနစင်တာဥက္ကဋ္ဌ ဒေါက်တာ Sundae Song တို့က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားကာ ဂုဏ်ပြု Video Clip ကို ဖွင့်လှစ်ပြသသည်။

ဆေးယဉ်ပါးတီဘီရောဂါတွေ့ရှိချက်များ

ဆက်လက်၍ ကူးစက်နိုင်သောရောဂါ တစ်ခုဖြစ်သည့် ဆေးယဉ်ပါးတီဘီရောဂါအတွက် သုတေသနတွေ့ရှိချက်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ သုတေသနပညာရှင်များ ပါဝင်ဆွေးနွေးကြသည့် “Myanmar-Korea Joint Symposium (2024)- Combating Drug-Resistant Tuberculosis” ပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပသည်။

စာတမ်း ၁၀၉ စောင်တင်သွင်းဖတ်ကြား

ယခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ နှီးနွှယ်ဝန်ကြီးဌာနများရှိ သုတေသီပညာရှင်များ၏ အခြေခံသုတေသန စာတမ်း ၂၃ စောင်၊ အသုံးချသုတေသန စာတမ်း ၂၂ စောင်၊ ကျန်းမာရေးစနစ် သုတေသနစာတမ်း ၁၃ စောင်၊ သုတေ သနပိုစတာ ၅၁ စောင် စုစုပေါင်း စာတမ်း ၁၀၉ စောင်တို့ကို တင်သွင်းဖတ်ကြား ပြသကြမည်ဖြစ်သည်။

ယင်းတင်သွင်းမည့် စာတမ်းများတွင် ကိုဗစ်-၁၉ ရောဂါ၊ ကင်ဆာရောဂါ၊ တီဘီ ရောဂါ၊ အသည်းရောဂါ၊ ဦးနှောက်နှင့် ဦးနှောက်အမြှေးရောင်ရောဂါ၊ မြွေဆိပ်၊ သွေးလွန်တုပ်ကွေး၊ ရိုတာဗိုင်းရပ်(စ်)၊ ငှက်ဖျားရောဂါ၊ ဆင်တုပ်ကွေးရောဂါ၊ တိုင်းရင်းဆေး၊ သွားဘက်ဆိုင်ရာ၊ အားကစားဆိုင်ရာ၊ ဆေးဝါးဗေဒဆိုင်ရာ၊ အာဟာရဆိုင်ရာ၊ ကိုယ်ဝန်စောင့်ရှောက် မှုဆိုင်ရာ၊ သူနာပြုများ၏ဆေးရုံကျင့်ဝတ်ဆိုင်ရာ၊ ဆေးပညာသင်ကြားရေးနှင့် အကဲဖြတ်နည်းဆိုင်ရာ သုတေသနများ နှင့်ပတ်သက်သော သုတေသနစာတမ်းများ ပါဝင်မည်ဖြစ်သည်။

စာတမ်းဆုများချီးမြှင့်သွားမည်

ညီလာခံသို့တင်သွင်းလာသည့် စာတမ်းများမှ အခြေခံသုတေသန (Basic Research) စာတမ်းဆုများ၊ လက်တွေ့အသုံးချသုတေသန (Applied Research) စာတမ်းဆုများ၊ ကျန်းမာရေးစနစ် သုတေသန (Health Systems Research) စာတမ်းဆုများ၊ ပိုစတာစာတမ်းဆုများနှင့် လူငယ်သုတေသီဆုများကို စာတမ်းဆု ရွေးချယ်ရေးဆပ်ကော်မတီက စိစစ်ရွေးချယ်၍ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်