မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည်။ ရေခံမြေခံကောင်းများနှင့် သဘာဝသယံဇာတများပေါများကြွယ်ဝသည်။ စပါး၊ ပဲ၊ ပြောင်းစသည့်စားသုံးသီးနှံများ အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးနိုင်သည့်အပြင် ဝါ၊ ဝါး၊ လျှော်၊ ရော်ဘာ စသည့်စက်မှုကုန်ကြမ်းသီးနှံပင်များလည်း နိုင်ငံအနှံ့အပြား၌စိုက်ပျိုးထွက်ရှိသောကြောင့် အမှန်တကယ်အလုပ်လုပ်ကြမည်ဆိုလျှင် တိုင်းပြည်တွင်စားရေရိက္ခာဖူလုံပိုလျှံပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်လာမည်မှာ အမှန်ဧကန်ဖြစ်သည်။
မြန်မာနိုင်ငံတွင် သီးနှံမျိုးစုံစိုက်ပျိုးနိုင်သည့်မြေဧရိယာဟက်တာ ၁၂ သန်းခန့်ရှိသည်။ စပါး၊ အစေ့ထုတ်ပြောင်း၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ စက်မှုကုန်ကြမ်းသီးနှံများ၊ စားဖိုဆောင်သီးနှံများ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အစရှိသည့် သီးနှံအမျိုးပေါင်း ၆၁ မျိုးခန့်ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။ စက်မှုသီးနှံများတွင်ရာသီသီးနှံများ၊ နှစ်တိုသီးနှံများ၊ နှစ်ရှည်သီးနှံများရှိသည်။ ဝါသည်ရာသီသီးနှံဖြစ်ပြီး ကြံသည်နှစ်တိုသီးနှံဖြစ်သည်။ ကော်ဖီ၊ ရော်ဘာတို့ကဲ့သို့သီးနှံများသည် နှစ်ရှည်သီးနှံများဖြစ်သည်။ ဝါကို မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးနေပြီး စုစုပေါင်း ဝါစိုက်ဧက ငါးသိန်းခန့်ရှိသည်။ လက်ရှိဖြစ်တည်နေသောစိုက်ဧကဖြင့် တစ်ဧကအထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းမည်။
စားရေရိက္ခာများဖူလုံရေးအတွက် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ ဒေသအလိုက်အသားငါးများဖူလုံပေါများစေရေးဆောင်ရွက်ပေးရာတွင် စိုက်ပျိုးမွေးမြူရေးဇုန်များ တည်ထောင်ဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်းနေထိုင်သည့် လူဦးရေအလိုက် စားရေးဖူလုံမှုရှိစေရေးအဆင့်ဆင့်တိုးမြှင့် မွေးမြူဆောင်ရွက်သွားရမည်ဖြစ်သည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စားရေးကိုအထောက်အကူပြုစေရန်အတွက် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပထမအဆင့် ၂၅ ရာခိုင်နှုန်း၊ ဒုတိယအဆင့် ၄၀ ရာခိုင်နှုန်းဖူလုံစေရန်နှင့် နောက်ဆုံးအဆင့်တွင် ၁၀၀ ရာခိုင်နှုန်းဖူလုံစေရေး အဆင့်ဆင့်တိုးမြှင့်၍ စီမံချက်ချဆောင်ရွက်သွားရမည်ဖြစ်သည်။
ယမန်နှစ်က စပါးသီးနှံစိုက်ဧရိယာ ဟက်တာ ၇ ဒသမ ၁၈ သန်းကျော်တွင် အထွက်မက်ထရစ်တန် ၂၉ ဒသမ ၉၄ သန်းကျော် ထွက်ရှိခဲ့သည်။ ဆီထွက်သီးနှံများ စိုက်ဧရိယာဟက်တာ ၃ ဒသမ ၃၄ သန်းကျော်တွင် အထွက်မက်ထရစ်တန် ၃ ဒသမ ၂၃ သန်းကျော် ထွက်ရှိပြီး ပဲမျိုးစုံသီးနှံများ စိုက်ဧရိယာဟက်တာ ၂ ဒသမ ၇၆ သန်းကျော်တွင် အထွက်မက်ထရစ်တန် ၄ ဒသမ ၁၃ သန်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည်။ ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများတိုးချဲ့စိုက်ပျိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ နေကြာသီးနှံစိုက်ပျိုးရေးကို အထူးဦးစားပေးဆောင်ရွက်ကာ ပြည်တွင်းစားသုံးဆီလိုအပ်မှုကို ဖြည့်ဆည်းပေးပြီး ပြည်ပမှစားသုံးဆီတင်သွင်းမှုလျှော့ချနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်စေရေးနှင့် တောင်သူတစ်ဦးချင်းဝင်ငွေ တိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၂၈၆ ဒသမ ၁ ဘီလီယံဖြင့် မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအစီအစဉ်များကို နိုင်ငံတော်ကအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၃၂ ဘီလီယံဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသားတိုးကြက်၊ ဥစားဘဲနှင့်အသားတိုးဝက်မွေးမြူရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေရရှိရေး ရေပေးဝေရေးလုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ သုည ဒသမ ၆၀၄ ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ပိုမိုကောင်းမွန်သည့်ဘဝနှင့်အနာဂတ်ကို ရရှိပိုင်ဆိုင်နိုင်ရေးအတွက် ပြည်သူအားလုံးကို စားရေရိက္ခာဖူလုံပြည့်မီအောင် ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ နိုင်ငံသားတိုင်းတစ်ယောက်မကျန် လုံလောက်သောစားရေရိက္ခာရပိုင်ခွင့်၊ ပိုမိုကောင်းမွန်သော ကုန်ထုတ်လုပ်မှုနှင့် ပြည့်ဝသောအာဟာရရရှိခွင့်၊ ပိုမိုကောင်းမွန်သော လူမှုဘဝနှင့်ပတ်ဝန်းကျင်များရရှိစေရန်အတွက် ပိုမိုကောင်းမွန်သောစိုက်ပျိုးရေးနှင့် စားရေရိက္ခာထုတ်လုပ်မှုစနစ်များ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်သည်။ ကုန်ထုတ်လုပ်မှု အသွင်ကူးပြောင်းရန်၊ ရင်းနှီးမြှုပ်နှံမှုများနှင့် တီထွင်ဆန်းသစ်မှုများ မြှင့်တင်ရန်၊ စိုက်ပျိုးရေးစားရေရိက္ခာစနစ်တွင် ပါဝင်ပတ်သက်သူများအချင်းချင်း ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင်ရွက်သွားရန်တို့ကို ဦးစားပေးအလေးထားဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း၌ စားရေရိက္ခာဖူလုံပိုလျှံပြီး နိုင်ငံ့စီးပွားရေးလည်း တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း။ ။