အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှာ ၂၀၂၁-၂၀၂၂ခုနှစ် အကူးအပြောင်းကာလတွင် ကမ္ဘောဒီးယားနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ဥပဒေပြင်ပရာဇဝတ်ဂိုဏ်းများ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသို့တရားဝင်ရောက်ရှိလာခဲ့ခြင်းမဟုတ်သလို တရားဝင်ရပ်တည်နေခဲ့ကြခြင်းလည်းမဟုတ်။ နယ်စပ်မျဉ်းများအနီးတွင်ရှိနေသည့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းများနှင့်သဘောတူညီမှု ရယူလုပ်ကိုင်ခဲ့ကြခြင်း၊ အကျိုးတူပူးပေါင်းခဲ့ကြခြင်းမျိုးဖြစ်သည်။
သို့ရာတွင် နိုင်ငံတကာအမြင်ကမူ မြန်မာနိုင်ငံတွင်ရှိနေသည့် အွန်လိုင်းရာဇဝတ်ဂိုဏ်းများက ၎င်းတို့၏ပြည်သူများကို လိမ်လည်နေကြခြင်းဖြစ်ပြီး အလိမ်ခံရမှုကြောင့်အချို့ဘဝပျက် မတတ်ဖြစ်ကြရသည်ဟူသည့်အမြင်မျိုးဖြစ်သည်။ အဖြစ်မှန်မသိဘဲ မြန်မာနိုင်ငံအစိုးရနှင့် မြန်မာပြည်သူတို့အပေါ်အထင်အမြင်လွဲကြသည်။ တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲမှုများလည်းရှိခဲ့ရာ နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ သိက္ခာကျဖွယ်ရာဖြစ်လာသောကြောင့် သတင်းစာရှင်းလင်းပွဲလုပ်၍ ရှင်းခဲ့ရသည်။ တိုင်းရင်းသားအမည်ခံထားကြသည့် လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ပြည်ပမှတရားမဝင် ဝင်ရောက်လာသည့် အွန်လိုင်းလိမ်လည်ဂိုဏ်းများပတ်သက်ယှက်နွှယ်နေမှုများက နိုင်ငံတော်၏လုံခြုံရေးကိုလည်း ထိခိုက်စေသည်။
၂၀၂၄ ခုနှစ်က KNLAနှင့်PDF များထိန်းချုပ်ခဲ့သည့် လေးကေ့ကော်ဒေသရှိ ရှုခင်းသာနှင့် စွယ်တော်ကုန်းစခန်းတို့ကို အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက်ရာတွင် လေးကေ့ကော်အရှေ့ဘက် မြန်မာ - ထိုင်း နယ်စပ်အနီးရှိ နာမည်ဆိုးနှင့်ကျော်ကြားနေသည့် KK Park ကိုလည်း တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက်ရှင်းလင်းခဲ့သည်။ မြို့ငယ်တစ်မြို့စာမျှရှိသော KK Park ဝင်းအတွင်းရှိအဆောက်အအုံများဆောက်လုပ်ထားရှိမှု၊ မြေပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏တရားဝင်ခွင့်ပြုမိန့်၊ မြေပိုင်ဆိုင်ခွင့်အထောက်အထား၊ ဟိုတယ်နှင့်ခရီးသွားလာရေး၏ ဆောက်လုပ်ခွင့်၊ ခွင့်ပြုမိန့်များနှင့် ပတ်သက်၍ တရားဝင်စာရွက်စာတမ်းများစစ်ဆေးတွေ့ရှိခြင်းမရှိသလို သက်ဆိုင်ရာတာဝန်ရှိသူများကို ဆင့်ခေါ်ရာတွင်လည်း လာရောက်ခြင်းမရှိခဲ့။
KK Park နယ်မြေသည် KNU တပ်မဟာ(၆)လှုပ်ရှားနယ်မြေတွင်ရှိပြီး ထိုင်း - မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေး၌ တည်ရှိသည်။ KK Park စီမံကိန်းလုပ်ရန် KNU နှင့် ပြည်ပကုမ္ပဏီများ စာချုပ်ချုပ်ဆိုခဲ့ကြပြီး မြေငှားရမ်းခများ၊ လုံခြုံရေးစောင့်ရှောက်ခများ ဘတ်သန်းနှင့်ချီ၍ပေးကာ နှစ်ဖက်သဘောတူကတိပြုထားကြခြင်းဖြစ်သည်။ KNU ခေါင်းဆောင်များကိုယ်တိုင်ပါဝင်ပတ်သက်နေသည့် ဤလုပ်ရပ်သည်ငွေကြေးရလိုမှုအတွက် နိုင်ငံတော်ပိုင်မြေကို အလွဲသုံးစားလုပ်ခြင်းဖြစ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများဆိုသည်မှာလည်း အွန်လိုင်းလောင်းကစားနှင့်ငွေလိမ်လုပ်ငန်းများသာဖြစ်ရာ နိုင်ငံတော်အတွက်ရော ကရင်ပြည်နယ်နှင့်ဒေသခံတိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက်ပါအကျိုးမဲ့စေသလို အန္တရာယ်လည်းဖြစ်ပေါ်စေသည်။
မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစားနှင့်ငွေလိမ်လုပ်ငန်းများ၊ သယံဇာတခိုးထုတ်မှုများစသည်တို့မှာ နယ်စွန်နယ်ဖျားနှင့်ဆက်စပ်နေသည့်ဒေသများတွင်လှုပ်ရှားနေကြသည့် တိုင်းရင်းသားအမည်ခံ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များနှင့် ဆက်စပ်ပတ်သက်နေလေ့ရှိသည်။ ၎င်းအဖွဲ့များရပ်တည်နိုင်ရေးအတွက် ငွေကြေးအရင်းအမြစ်များဖြစ်သလို လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ချမ်းသာကြွယ်ဝရေးအတွက်လည်း ယင်းလုပ်ငန်းများကသာအဓိကဖြစ်သည်။ မိမိအတ္တကိုဖြည့်ဆည်းရန်အတွက် အဖေ့နဖူးပေါ်တွင် သိုက်တူးရမည်ဆိုလျှင်ပင် တူးကြမည့် ကြေးစားအကြမ်းဖက်သောင်းကျန်းသူများကို နိုင်ငံတကာနှင့်တိုင်းရင်းသားမိဘပြည်သူတစ်ရပ်လုံးက ပြတ်ပြတ်သားသားပြင်းပြင်းထန်ထန် ဆန့်ကျင်ကြရပါမည့်အကြောင်း။ ။