Skip to main content

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် စစ်သင်တန်းတက်ခိုင်းနေသဖြင့် ရာအိမ်မှူးအချို့ နုတ်ထွက်စာတင်နေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီလ ၂၁

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရာအိမ်မှူးအချို့ စစ်သင်တန်းတက်ခိုင်းသဖြင့် နုတ်ထွက်စာတင်နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ ရာအိမ်မှူးများအား စစ်သင်တန်းပေးသည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် ရာအိမ်မှူးအချို့ နုတ်ထွက်စာတင်ပြထားသည် ဆိုသည်မှာလည်း မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

မြို့ရွာများ တည်ငြိမ်အေးချမ်းလျက်ရှိမှုကို ပျက်ပြားစေရန်၊ ပြည်သူလူထု လူမှုစီးပွားဘဝပျက်စီးစေရန်နှင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများမှ လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်း အမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။