နေပြည်တော် ဇန်နဝါရီ ၁၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၅၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာအနီးတွင် ပဲခူးမှ ကော့သောင်းသို့ သူရဝင်းမောင်းနှင်ပြီး ၎င်း၏ဇနီး မအေးသန္တာအောင်နှင့် မဖူးဖူးဝေ တို့လိုက်ပါလာသည့် Landcruiser Prado မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၅၆ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ ဇန်နဝါရီ ၄ ရက် တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ကိုရှည်(ခ)ကျော်ထက်အား ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်တွင်လည်းကောင်း၊ ခင်ဇော်မြင့်အား ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဖမ်းမိတရားခံ သူရဝင်းနှင့် မအေးသန္တာအောင်တို့နေထိုင်သည့် ထားဝယ်မြို့ ဗျောတောဝရပ်ကွက် သီရိမင်္ဂလာလမ်းသွယ်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် အသုံးပြုသည့် Toyota Fj Cruiser မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်နှစ်စီးနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် မြန်မာငွေကျပ် ၇၉ ဒသမ ၈၅ သိန်း၊ ထိုင်းဘတ်ငွေ ၆၀၀၀ ဘတ်၊ ရွှေထည်ပစ္စည်းမျိုးစုံ ၃၉ မျိုး (တန်ဖိုးငွေကျပ် ၉၃၄ သိန်းခန့်)တို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်တောင်ကြီးမှ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများပိုင်ဆိုင်သည့် ရွှေ၊ ငွေ၊ အဖိုးတန်ပစ္စည်းများနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်