နေပြည်တော် ဇွန် ၂၁
ဂျပန်နိုင်ငံ ဖူကူအိုကာမြို့အခြေစိုက် အာရှ - ပစိဖိတ်ဒေသ ကလေးများဆိုင်ရာကွန်ဗင်းရှင်းက ဦးစီး၍ နှစ်စဉ် ဇူလိုင်လ၌ ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာ ကျောင်းသားလူငယ်များ တွေ့ဆုံစခန်းချပွဲ (BRIDGE Summer Camp – 2026) သို့ Junior Ambassadors များအဖြစ် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ရန် မြန်မာ - ဂျပန်ချစ်ကြည်ရေးအသင်း (MJA)က ဦးစီးပြီး အခြေခံပညာကျောင်းသား ကျောင်းသူ ခြောက်ဦးအား မတ်လမှစ၍ ရွေးချယ်ဖွဲ့စည်းလေ့ကျင့်ပေးခဲ့သည်။
အဆိုပါကျောင်းသား ကျောင်းသူများအား Junior Ambassador အဖြစ် ရွေးချယ်အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပခဲ့ရာ မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက အသိအမှတ်ပြုလက်မှတ်များနှင့် ခရီးစဉ်အတွက် အထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။
မြန်မာကျောင်းသား ကျောင်းသူအဖွဲ့သည် ဇူလိုင် ၁၈ ရက်တွင် နိုင်ငံအလိုက် ဖျော်ဖြေရမည့် BRIDGE Festival 2026 ၌ သင်္ကြန်မိုးသီချင်းဖြင့် ယိမ်းအက ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
