ဘားအံ သြဂုတ် ၂၈
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြှင့်တက်လာသည့်အတွက် မြေနိမ့်ပိုင်းရပ်ကွက်အချို့ရှိ လူနေအိမ်များသည်မြစ်ရေ ဝင်ရောက်ပြီး မိမိတို့နေအိမ်တွင်ဆက်လက်နေထိုင်ရန်မဖြစ်နိုင်တော့သည့်အတွက် ရေဘေးကယ်ဆယ်ရေး စခန်း(၆)ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေထိုင်စေခဲ့ရာ ယနေ့ နံနက် ၇ နာရီက ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၁)ရပ်ကွက် မိုးလုံလေလုံအားကစားရုံရှိ ရေဘေးရှောင်အိမ်ထောင်စုများအား အာဟာရ ဖြည့်စွက်နံနက်စာဖြင့် သွားရောက် ကျွေးမွေးခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့်တာဝန်ရှိသူများသည် မိုးလုံလေလုံအားကစားရုံရှိရေဘေးရှောင် အိမ်ထောင်စု ၇၇ စု၊ လူဦးရေ ၃၅၆ ဦးအတွက် အာဟာရဖြည့်စွက်နံနက်စာ ထမင်းကြော်နှင့်ကြက်ဥကြော်တို့ကို သွားရောက်ကျွေးမွေးခဲ့သည်။
ဘားအံမြို့တွင် သံလွင်မြစ်ရေမြှင့်တက်လာမှုကြောင့် ဩဂုတ်လ ၂၄ ရက်နေ့မှစတင်ကာ ရေဘေးစခန်း ၆ ခု ဖွင့်လှစ်ပေးခဲ့ရပြီး အိမ်ထောင်စု ၃၂၁ စု၊ လူဦးရေ ၁၅၂၅ ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိကာ နေ့စဉ်နံနက်တိုင်း အာဟာရ ဖြည့်စွက်အစားအစာများ သွားရောက်ကျွေးမွေးခဲ့ကြောင်းနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ စေတနာရှင်များက စားဝတ်နေရေး၊ ကျန်းမာရေး အစရှိသည့် ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သံလွင်မြစ်ရေမြှင့်တက်လာမှုကြောင့် ဘားအံမြို့ မြေပိုင်းရပ်ကွက်အချို့ရှိ လူနေအိမ်များတွင် မြစ်ရေဝင်ရောက်ပြီး ဆက်လက် နေထိုင်၍ မရတော့သည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း(၆)ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေထိုင်စေခဲ့ရာ ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၅)ရပ်ကွက် Cyclone Shelter ရှိ ရေဘေးရှောင်အိမ်ထောင်စုများ အား ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများက အာဟာရဖြည့်စွက်နံနက်စာ ကြာဇံဟင်းခါး သွားရောက်ကျွေးမွေးခဲ့သည်။
သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း များကို ဖွင့်လှစ်ပေးခဲ့ရာ ရွှေယဉ်မျော်၊ မိုးလုံလေလုံအားကစားရုံ ၊ Cyclone Shelter၊ လေသာဘုန်းတော်ကြီးကျောင်း၊ အမှတ်(၃)မူလ တန်းလွန်ကျောင်းနှင့် အမှတ်(၈)မူလတန်းကျောင်း စသည်ဖြင့် နေရာ (၆)ခုတွင် စုစုပေါင်း အိမ်ထောင်စု ၃၂၁ စု၊ လူဦးရေ ၁၅၂၅ ဦးကျော်ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရပြီး ယနေ့နံနက်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရေဘေးစခန်းများတွင် အာဟာရဖြည့်စွက်စာ ကြာဇံဟင်းခါးများကို သွားရောက် ကျွေးမွေးခဲ့ကြသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်များက ရေဘေးရှောင်ပြည်သူများ ကိုဗစ် ၁၉ ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီနေထိုင်နိုင်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး အစရှိသည့်ကိစ္စရပ်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း