ပုလော သြဂုတ်လ ၂၄
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီး ဦးကျော်မင်းနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် ယမန်နေ့ နေ့လယ် (၂) နာရီက ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဒေသခံပြည်သူများအား Social Distancing နှင့်အညီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲ၌ ၀န်ကြီးက နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ရန် ကျန်ရှိနေသောပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါ၀င်နိုင်ရန် မဲဆန္ဒရှင်စာရင်းများ ကြည့်ရှုရန်လိုအပ်ကြောင်း၊ ပြင်ဆင်ရန်ရှိသည်များကို ပြင်ဆင်နိုင်ရန် ရပ်ကွက်/ကျေးရွာကော်မရှင်များထံ ပုံစံများတောင်းခံ၍ ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ လူငယ်များလမ်းမှားမရောက်စေရန် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ကြောင်း၊ သဘာ၀ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်မီသတင်းပေးပို့ကြစေလိုကြောင်းနှင့် အချိန်နှင့်တစ်ပြေးညီသိရှိမှသာ လိုအပ်သောပံ့ပိုးမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြိုနယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့က ၄င်းတို့၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ချပြရှင်းလင်းခဲ့ကြောင်းနှင့် ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ ၀န်ကြီးနှင့်တာ၀န်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)