ရန်ကုန် စက်တင်ဘာ ၁၄
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အောက်တိုဘာတွင် ယှဉ်ပြိုင် ရမည့် ၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲမတိုင်မီထိုင်းနိုင်ငံ၌ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာရှဖလားခြေစစ်ပွဲအတွက် နောက်ဆုံးပြင်ဆင်သည့်အနေဖြင့် ထိုင်းကလပ်များနှင့် ခြေစမ်းကစားရန် စီစဉ်ထားခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် စက်တင်ဘာ ၂၂ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ထိုင်းနိုင်ငံ၌ လေ့ကျင့်မည်ဖြစ်ပြီး ထိုင်းကလပ်အသင်းများနှင့်ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံ၌ တစ်ပတ်ကျော် လေ့ကျင့်မည်ဖြစ်ပြီး ယင်းကာလအတွင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာရှဖလားခြေစစ်ပွဲအတွက် အချိန်ယူလေ့ကျင့် ပြင်ဆင်လျက်ရှိပြီး ဇူလိုင်လတွင် စတင်လေ့ကျင့်ခဲ့ကာ ဩဂုတ်လ ဒုတိယပတ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပသည့် ထိုင်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာ စတုတ္ထနေရာရရှိသည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ယင်းပြိုင်ပွဲအပြီးတွင်လည်း ဆက်လက်လေ့ကျင့်ပြင်ဆင်ခဲ့ပြီး စက်တင်ဘာလပထမပတ်နှင့် ဒုတိယပတ်တွင် ပြည်တွင်းကလပ် အသင်းများဖြစ်သည့် TG ယူနိုက်တက်အသင်း၊ လင်းလက်အသင်းတို့နှင့် ခြေစမ်းပွဲနှစ်ပွဲစီ ယှဉ်ပြိုင်ကစားခဲ့ရာ လေးပွဲစလုံးအနိုင်ရခဲ့သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ပဏာမကစားသမား ၁၇ ဦးဖြင့် လေ့ကျင့်လျက်ရှိပြီး ထိုင်းခြေစမ်းခရီးစဉ်သို့ ကစားသမား ၁၆ ဦး ခေါ်ဆောင်သွားမည်ဖြစ်သည်။
အာရှဖလား ဖူဆယ်ခြေစစ်ပွဲကို အောက်တိုဘာ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် တာဂျစ်ကစ္စတန်၊ ပါလက်စတိုင်း၊ အိန္ဒိယအသင်းတို့နှင့် ကျရောက်နေသည်။
ရဲရင့်လွင်
ဓာတ်ပုံ-MFF