Skip to main content

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးဦးတည်

ဖွံ့ဖြိုးတိုးတက်လာသောနိုင်ငံများသည် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မတူကွဲပြားမှုများကို သီးခြားထားပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာအောင် တက်ညီလက်ညီ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ခဲ့ကြသည်။ မိမိတို့၏ခံယူချက်၊ ရည်ရွယ်ချက်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ယုတ်လျော့ပျက်စီးစေနိုင်သည့် အဖျက်လုပ်ရပ်များကို ရှောင်ရှားကြသည်။ ထို့ကြောင့် နိုင်ငံများသည် အချိန်တိုကာလအတွင်း အလျင်အမြန်တိုးတက်လာကြသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည့်အချိန်မှစ၍ လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲ၊ အုပ်စုစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူဝါဒစွဲများကြောင့် လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ကြရာ တိုင်းပြည်ယိုယွင်းပျက်စီးမှုများရှိခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုများကို အဆုံးသတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း ယနေ့တိုင်အောင်မြင်မှုမရသေးပေ။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌လည်းကောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာ၌လည်းကောင်း လက်နက်ကိုင်ပဋိပက္ခများသည် အဓိကပိတ်ဆို့နေသည့် အဟန့်အတားများဖြစ်သည်။

ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA ) လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ NCA သည် ပြီးပြည့်စုံမှုမရှိသေးသော်လည်း တိုင်းရင်းသားများ၏ တောင်းဆိုချက်များကို သဘောတူညီချက်စာချုပ်အဖြစ် ချုပ်ဆိုထားသော ကတိကဝတ်ပေးထားသည့် အချက်များဖြစ်သည်။ အဆိုပါစာချုပ်သည် နိုင်ငံတကာအသိသက်သေများရှေ့မှောက်တွင် လက်မှတ်ရေးထိုးထားခြင်းဖြစ်၍ အလေးဂရုပြုရန်လိုသည်။ တပ်မတော်အနေဖြင့် NCA အပေါ်အလေးထားပြီး ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ NCA သဘောတူညီချက်များကို အလေးထားပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်းတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်တည့်မတ်ခိုင်မာအောင် ဆောင်ရွက်မှုအပေါ် နိုင်ငံရေးအရ သဘောထားကွဲလွဲပြီး အကြမ်းဖက်လမ်းစဉ် ပေါ်ပေါက်လာသည်။ အကြမ်းဖက်သမားများသည် လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ ပြည်သူပိုင်အဆောက်အအုံများနှင့် အပြစ်မဲ့ပြည်သူများအား တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရာ၌ ဓနအင်အားများကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးတွင် ထပ်မံကုန်ကျရသဖြင့် တိုးတက်မှုများနှောင့်နှေးခဲ့ရ၊ ဆုတ်ယုတ်ခဲ့ရသည်ကို ပြည်သူများကြုံတွေ့ကြရသည်။

နိုင်ငံရေးနှင့်ပတ်သက်၍ “မိမိတို့သည် နိုင်ငံ့အရေးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေးလုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့အရေးအတွက်ပြည်သူလူထုများအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းသည့် ဒေသများသည် ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး လက်နက်ကိုင်၍ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေမှုများသည် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း” ဩဂုတ်လ ၂၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်၍ အချိန်ကာလအပိုင်းအခြားတစ်ခုအတွင်း အဆင့်လိုက် အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ပြည်သူများဆန္ဒအတိုင်း ပေါ်ထွက်လာမည့် အစိုးရအား တာဝန်လွှဲပြောင်းပေးမည်ကို အတိအလင်းပြောကြားထားသည်။ ကြားကာလတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဘက်ဘက်တို့တွင် တိုးတက်လာစေရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေခြင်းသည် နိုင်ငံတော်နှင့် ပြည်သူများအကျိုးစီးပွားအတွက် ဦးတည်ဆောင်ရွက်နေသည်မှာ ထင်ရှားနေသည်။

နှောင့်ယှက်ဖျက်ဆီး တိုက်ခိုက်မှုများ၊ ဝိုင်းဝန်းဟန့်တားပိတ်ဆို့မှုများကြားမှ ဒေသများတည်ငြိမ်အေးချမ်းမှုရှိလာအောင်၊ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် ပြည်တွင်းအသားတင် ထုတ်လုပ်မှု အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အပေါင်း ၃ ရာခိုင်နှုန်းအထက်ရရှိအောင် ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှု ၉ ရာခိုင်နှုန်းအထက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံတော်ကို မည်သည့်အစိုးရတာဝန်ယူသည်ဖြစ်စေ တိုင်းပြည်တိုးတက်လာအောင် ဆောင်ရွက်နိုင်ခြင်းသည်သာ အဓိကဖြစ်သည်။ သို့ဖြစ်ရာ သဘောထားဆန္ဒများ မတူကွဲပြားကြသော်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှု၍ အားလုံးလက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။            ။