Skip to main content

စည်းလုံးညီညွတ်မှုဖြင့် တိုးတက်မှုဖော်ဆောင်

(၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)ကို ရုရှားနိုင်ငံ မော်စကိုမြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Video Message ပေးပို့၍ ပါဝင်တက်ရောက်ခဲ့ပြီး “အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက်အရေးပါသော အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှု”နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ညီလာခံဒုတိယပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “အာဆီယံစည်းလုံးညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးကို ဖော်ဆောင်ရာတွင် မရှိမဖြစ် အထူးအရေးပါနေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အာဆီယံစည်းလုံးညီညွတ်မှုခိုင်မြဲနေသမျှ အာဆီယံသည် အာရှ-ပစိဖိတ်ဒေသအတွက် အရေးပါသည့်အင်အားအဖြစ်ရှိနေ မည်ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုကို အားကြိုးမာန်တက်ဖော်ဆောင်လျက်ရှိချိန်တွင် တစ်ဖက်တွင်လည်း အဆိုပါစည်းလုံးညီညွတ်မှုကို စိန်ခေါ်နေသော ခြိမ်းခြောက်မှုများလည်း ရှိနေပါကြောင်း” ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ်ဒေသသည် လူဦးရေများပြားခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင် အချက်အချာကျနေခြင်းတို့အပြင် လုံခြုံရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ အရေးပါသည့်ဒေသဖြစ်လာသည့်အတွက် အမေရိကန်နိုင်ငံအပါအဝင် ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများကလည်း ၎င်းတို့၏အကျိုးစီးပွားအတွက် အာရှ-ပစိဖိတ် ဒေသအပေါ် စိတ်ဝင်စားမှုမြင့်တက်လာပြီး ဒေသတွင်းနိုင်ငံများနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိတွေ့ဆက်ဆံမှုများတိုးမြှင့်လုပ်ဆောင်လာသည်ကို တွေ့ရမည်ဖြစ်သည်။ လတ်တလောဖြစ်ပေါ်နေ သောကမ္ဘာ့အခြေအနေများအရ လုံခြုံရေးကဏ္ဍတွင် အပြိုင်အဆိုင်လွှမ်းမိုးနိုင်ရန် အပြင်းအထန်အားထုတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

အာရှ-ပစိဖိတ်ဒေသအတွင်းရှိ အာဆီယံအဖွဲ့သည် စစ်ရေးအရမဟာမိတ်အုပ်စု မဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးပေါင်းစည်းမှုအင်အားမှာ ကြီးမားလှသည်။ စစ်ရေးအတွေ့အကြုံရှိသည့် ဗီယက်နမ်၊ မြန်မာနှင့်စွမ်းပကား ထက်မြက်သောလက်နက်များ ပိုင်ဆိုင်ထားသည့် အာဆီယံနိုင်ငံများ၏ ပေါင်းစည်းအင်အားသည် ကမ္ဘာ့လုံခြုံရေးကဏ္ဍတွင် အသင့်အတင့်အားထားနိုင်သော အနေအထားရှိသည်။ စစ်ရေးသာမက အာဆီယံစီးပွားရေးအသိုက်အဝန်း၊ နိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း၊ လူမှုရေးနှင့်ယဉ်ကျေးမှုအသိုက်အဝန်းအစရှိသည့် စုဖွဲ့မှုများနှင့် အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများတွင် ပေါင်းစည်းမှုကိုဖော်ဆောင်နိုင်ပြီး ဒေသတွင်းစည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မောင်းနှင်အားတစ်ခုဖြစ်လာခဲ့သည်။

အာဆီယံအဖွဲ့အနေဖြင့် အာရှ-ပစိဖိတ်ဒေသအတွင်း ပြင်ပအင်အားကြီးနိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၊ အာဆီယံ+၃ အစရှိသည့် အာဆီယံနှင့်ပြင်ပမိတ်ဖက်နိုင်ငံများအကြား ဆွေးနွေးပွဲယန္တရားများတွင် အဓိကအချက်အချာကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အာဆီယံသည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအပေါ် ဩဇာသက်ရောက်လျက်ရှိပြီး ငြိမ်းချမ်းသော ဆက်ဆံရေးလမ်းကြောင်းများကို အားပေးမြှင့်တင်ကာ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များတွင် အားကောင်းလျက်ရှိသည်။ အာဆီယံစည်းလုံး ညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသကြီးတစ်ခုလုံး၏ တည်ငြိမ်အေးချမ်းရေးအတွက် များစွာအရေးပါလျက်ရှိသဖြင့် အနာဂတ်တွင်ရှုပ်ထွေးနက်နဲသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ ဒေသတွင်းနိုင်ငံများအားလုံး စည်းလုံးညီညွတ်မှု၊ ပေါင်းစည်းဆောင်ရွက်မှုများဖြင့် ကျော်လွှားတုံ့ပြန်သွားနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိကာလတွင် အချို့ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်သည်။ ဆက်လက်ပြီး လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပပြီး အနိုင်ရသောနိုင်ငံရေးပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံး လုံခြုံမှုရှိစေရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ရာ အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်သည်။

သို့ဖြစ်ရာ အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများအကြား စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင်ဆောင်ရွက်ပြီး နိုင်ငံများအကြား အငြင်းပွားမှုများနှင့် ပြဿနာများကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဆွေးနွေးအဖြေရှာပြီး ရရှိလာသောအခွင့်အလမ်းများကိုအသုံးချ၍ တည်ငြိမ်အေးချမ်း သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။       ။