Skip to main content

ဂုဏ်ယူဖွယ် မြန်မာ့ဆေးဝါးကဏ္ဍမြှင့်တင်

တစ်ချိန်သောကာလက အင်းစိန် ကြို့ကုန်း BPI ဆေးဝါးထုတ်လုပ်ရေးစက်ရုံမှ  ဆေးဝါးအမျိုးမျိုးတို့သည် ထင်ရှားကျော်ကြားအသုံးများသော ဆေးဝါးအမျိုးမျိုးကို ထုတ်လုပ်နိုင်ခဲ့သည်။ ထိုစဉ်ကာလက ဈေးကွက်စီးပွားရေးစနစ်မဟုတ်သဖြင့် နိုင်ငံခြားဆေးဝါးများ မတွင်ကျယ်သော်လည်း နိုင်ငံခြားဆေးဝါးများနှင့် နှိုင်းယှဉ်လျှင် BPI ဆေးဝါးများမှာ  အရည်အသွေးအရ သာလွန်ကောင်းမွန်သဖြင့် BPI ဆေးဝါးများကိုသာ ပြည်သူများ အားထားသုံးစွဲခဲ့ကြသည်။

မြန်မာ့ဆေးဝါးလုပ်ငန်း BPI ကို ၁၉၅၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက အထိမ်းအမှတ်ကျောက်စာတိုင်စိုက်ထူခဲ့ပြီး ၁၉၅၈ ခုနှစ် ဧပြီ လ ၂၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမောင်က ဗမာနိုင်ငံဆေးဝါးစက်ရုံ (Burma Pharmaceutical Industry-BPI)ဖြင့်  ဖွင့်လှစ်ခဲ့ပြီး  ထင်ရှားကျော်ကြားသော ဆေးဝါး ၄၁ မျိုးနှင့် ကပ်ရောဂါကာကွယ်ဆေးခြောက်မျိုးတို့ကို စတင် ထုတ်လုပ်ခဲ့သည်။ မြန်မာ့ဆေးဝါးလုပ်ငန်း BPI သည် အရည်အသွေးအာနိသင် ထက်မြက်သည့်   ဆေးဝါးများကို သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ခေတ်အဆက်ဆက် ထုတ်လုပ်ရောင်းချခဲ့ကာ    ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် အဓိကကျသောကဏ္ဍမှ ဦးဆောင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်။

မြန်မာ့ဆေးဝါးလုပ်ငန်းကဏ္ဍတွင် ဩဂုတ်လ ၁၄ ရက်နေ့သည် သမိုင်းကဏ္ဍသစ်ကို   ပြန်လည်ဖွင့်လှစ်လိုက်သည့်နေ့တစ်နေ့ဖြစ်သည်။ စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း BPI  နှင့် မြွေဆိပ်ဖြေဆေး အေးခဲခြောက်ထုတ်လုပ်ရေးစက် အသစ်ဖွင့်ပွဲ၊ ဆေးဝါးစက်ရုံမှတ်တမ်းပြတိုက်ဖွင့်ပွဲတို့ကို ကျင်းပနိုင်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲက “မြန်မာ့ဆေးဝါးလုပ်ငန်း BPI အနေဖြင့် ရှိပြီးဖြစ်သည့် အရည်အသွေးကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမှာလည်း ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ဆေးဝါးပညာရှင်ကြီးများ၏ လက်ဆင့်ကမ်းမျှဝေမှု၊ မျိုးဆက်သစ်ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုတို့ကြောင့်ပင်ဖြစ်သဖြင့် မိမိအနေဖြင့် များစွာချီးကျူးအသိအမှတ်ပြုပါကြောင်း၊ နောင်တွင်လည်း ယခုထက်ပို၍ နိုင်ငံ့အကျိုး၊  ပြည်သူလူထု၏အကျိုးကို  ဆတက်ထမ်းပိုး  ဆောင်ရွက်နိုင်ကြပါစေကြောင်းပြောကြားခဲ့သည်။

ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၌ ပညာပေးခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်းဟူ၍ ကဏ္ဍသုံးခုရှိရာတွင် ဆေးဝါးသည် ကာကွယ်ခြင်းနှင့်ကုသခြင်းတို့ကို ဖြည့်ဆည်းပေးရ၍ အဓိကကျပြီးကျယ်ပြန့်သည်။ ခေတ်ကာလရွေ့လျား ပြောင်းလဲလာသည်နှင့်အညီ ဖြစ်ပေါ်လာသောရောဂါဘယများအတွက် ကာကွယ်ကုသနိုင်သော ဆေးဝါးမျိုးစုံ ပေါ်ပေါက်လာသည်။ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသော မျက်မှောက်ကာလတွင် ခေတ်မီဆန်းသစ်သော နိုင်ငံခြားဆေးဝါး မျိုးစုံပေါ်ပေါက်လာရာ ရောဂါကာကွယ်ကုသရေးအတွက် နိုင်ငံခြားဆေးဝါးများကို ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူအသုံးပြုနေကြရသည်။

တိုးတက်လာသောလူဦးရေအရ ပြည်တွင်း၌ ဆေးဝါးမလုံလောက်မှုများကြောင့် နိုင်ငံခြားဆေးဝါးများကို ပြည်ပမှ နှစ်စဉ်တင်သွင်းရသဖြင့် နိုင်ငံခြားငွေများစွာ ကုန်ကျလျက်ရှိသည်။ ပြည်သူများအနေဖြင့် နိုင်ငံခြားငွေဈေး လိုက်ပါမြင့်တက်မှုနှင့်အတူ နိုင်ငံခြားဆေးဝါးများကို မဖြစ်မနေ ဝယ်ယူသုံးစွဲနေရသဖြင့် များစွာအကုန်အကျများလျက်ရှိသည်။ ထို့ကြောင့် အစဉ်အလာကြီးမားခဲ့သော BPI ဆေးဝါးစက်ရုံမျိုးမှ အရည်အသွေးမြင့်မားသောဆေးဝါးများကို လုံလောက်စွာထုတ်လုပ်ပေးနိုင်ပါက နိုင်ငံခြားငွေကုန်ကျမှု သက်သာမည့်အပြင် ပြည်သူများလည်း အဆင်ပြေစွာ သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။ BPI မှ ထုတ်လုပ်သော ဆေးဝါးများမှာ အရည်အသွေးကောင်းမွန်ပြီးဖြစ်၍ ရှိပြီးဖြစ်သည့် ခိုင်မာကောင်းမွန်မှုကို အခြေခံ၍ ဆေးဝါးထုတ်လုပ်မှုများကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

BPI သည် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးထုတ်လုပ်မှုကဏ္ဍကို ဆက်လက်ဦးဆောင်နေဆဲဖြစ်၍ မြန်မာ့ဆေးဝါးလုပ်ငန်း BPI မှ  လူ့စွမ်းအားအရင်းအမြစ်များကို အခြေပြု၍ ဆေးဝါးစက်ရုံ (အင်းစိန်)၊ ဆေးဝါးသုတေသနဌာန၊ ဆေးဝါးစက်ရုံ(ရွာသာကြီး)၊ ဆေးဝါးစက်ရုံ(အင်ရောင်း)၊ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနခွဲ(မှော်ဘီ)၊    မြင်းမွေးမြူရေးစခန်း (မြစ်ခြေ)၊ ဆေးဝါးစက်ရုံ (ပြင်ဦးလွင်)၊ တပ်မတော်ဆေးဝါးစက်ရုံ (မှော်ဘီ)၊ မြင်းမွေးမြူရေး စခန်း(ရန်ပယ်)၊ မြင်းမွေးမြူရေးစခန်း(ဟဲဟိုး)၊ ဆေးဝါးစက်ရုံ(စစ်ကိုင်း)နှင့် ဆေးဝါးတက္ကသိုလ် (ရန်ကုန်/မန္တလေး)တို့ကို တိုးချဲ့တည်ထောင်နိုင်ခဲ့သည်။

သို့ဖြစ်ရာ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုအတွက် ရောဂါကာကွယ်ရေးနှင့်ကုသရေးတွင် နေ့စဉ်လိုအပ်ချက်ဖြစ်သော ဆေးဝါးအမျိုးမျိုးတို့ကို အဆင်ပြေစွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် မြန်မာ့ဆေးဝါးစက်ရုံ BPI ကိုအခြေခံ၍ အစဉ်အလာကြီးမားခဲ့သော မြန်မာ့ဆေးဝါးကဏ္ဍကို ဆက်လက်ထိန်းသိမ်းမြှင့်တင် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။               ။

ကြေးမုံအယ်ဒီတာ့အာဘော်