Skip to main content

မူးယစ်ဆေးဝါးကင်းစင်ရေး လက်တွဲကြိုးပမ်း

(၈)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို ဩဂုတ်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာပေါ်ရှိနိုင်ငံများအား အစဉ်အဆက် ခြိမ်းခြောက်လျက်ရှိပြီး ဒေသတွင်းဆိုင်ရာပြဿနာအဖြစ်သာမက နိုင်ငံများနှင့်ပါဆက်စပ်ပြီး ကြီးမားသည့်စိန်ခေါ်မှုဖြစ်လာသည်။ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနတို့ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်တင် တိုက်ဖျက်လျက်ရှိသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်မှုကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို တားဆီးနှိမ်နင်းနိုင်ခဲ့သော်လည်း မူးယစ်ဆေးဝါး ပြဿနာမှာ လျော့နည်းသွားခြင်းမရှိသေးပေ။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းအမြောက်အမြားကို ဖော်ထုတ်ဖမ်းဆီး အရေးယူကာ ဖျက်ဆီးနိုင်ခဲ့သည်။ ဘိန်းစိုက်ပျိုးရာဒေသများ၌ ဘိန်းအစားထိုး စိုက်ပျိုးရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည်။ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ပြည်တွင်း အင်အားဖြင့်သာမက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အာဆီယံနှင့် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အနီးကပ်ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်လျက်ရှိသည်။

မူးယစ်ဆေးဝါးအန္တရာယ်သည် တစ်နိုင်ငံတည်းဆောင်ရွက်နိုင်သော အခြေအနေမဟုတ်ပေ။ မူးယစ်ဆေးဝါးပြဿနာကို နိုင်ငံအားလုံး၊ ဒေသတွင်းနိုင်ငံအားလုံးနှင့်လက်တွဲပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးသဖြင့် စဉ်ဆက်မပြတ်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း နိုင်ငံရေးလွှမ်းမိုးမှုများ ကင်းရှင်းစွာဖြင့် သတင်းအချက်အလက်များ ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်သည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဘက်စုံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်သွားကြမည်ဆိုလျှင် တိုးတက်အောင်မြင်မှုများ ရရှိလာမည်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအများစု၌ မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုများသည် အဓိကခြိမ်းခြောက်လျက်ရှိသည့် ပြဿနာများအဖြစ် မြင်တွေ့နေရသည်။ ထို့အပြင် နိုင်ငံဖြတ်ကျော်မှုခင်းကျူးလွန်သူ ဂိုဏ်းအဖွဲ့များ၏ကွန်ရက်များ ကျယ်ပြန့်လာမှု၊ မှောင်ခိုဈေးကွက် ချဲ့ထွင်လာမှုများကြောင့် ပိုမိုရှုပ်ထွေးသော မူးယစ်ဆေးဝါးပြဿနာများ ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ မူးယစ်ဆေးဝါးမှုခင်းများနှင့် ဆက်နွှယ်နေသည့် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု စသည့်မှုခင်းများကို အထောက်အပံ့ဖြစ်စေပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုများကို ခြိမ်းခြောက်နေသည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေသည်။

ယခု အာဆီယံ မူးယစ်ဆေးဝါးဆိုင်ရာအစည်းအဝေးတွင် နှစ်နိုင်ငံနှင့် ပြည်ထဲ ရေးဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ မြန်မာ-လာအို ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် နားလည်မှုစာချွန်လွှာအရ နှစ်စဉ်အပြန်အလှန် အစည်းအဝေးများ ပြန်လည်စတင်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ နယ်စပ်ဒေသထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှုနှင့် အွန်လိုင်းလိမ်လည် ရာဇဝတ်မှုများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်၊ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံးများနှင့် ချစ်ကြည်ရေးတံတားများအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်၍ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များဆောင်ရွက်ရန်တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့သည်။

ထို့အပြင် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂမူးယစ်ဆေးဝါးကော်မရှင်အစည်းအဝေးတွင် ထုတ်ပြန်ကြေညာမည့် အာဆီယံပူးတွဲကြေညာချက်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများ၊ (၄၄)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ အစီရင်ခံစာနှင့်နောက်ဆက်တွဲ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ဘေးကင်းလုံခြုံသော လူမှုအဖွဲ့အစည်းဖြစ်ရေးမူးယစ်ဆေးဝါးတိုက်ဖျက်ရေး အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)နှင့်ပတ်သက်၍ သုံးသပ်ခြင်းကိစ္စရပ်များ၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းနိုင်ခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုက်ဖျက်နှိမ်နင်းလျက်ရှိသည့်အပြင် အနာဂတ်တွင် မူးယစ်ဆေးဝါးကင်းစင်သော အာဆီယံအသိုက်အဝန်းဖြစ်စေရေးလုပ်ငန်းစဉ်များတွင်လည်း နိုင်ငံများနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ ။