Skip to main content

အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ကမ္ပည်းမော်ကွန်းတင်အပ်ပါသည်

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇)ရက်သားသမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်ခဲ့ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို ဩဂုတ် ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ် ခဲ့ပြီးဖြစ်ပါသည်။

၂။ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရန်အတွက် စကျင်ကျောက်တုံးတော်ကြီးကို စတင်လှူဒါန်းခဲ့သည့် အလှူရှင်မိသားစုနှင့်တကွ တပ်မတော်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည့် အလှူရှင်များအပါအဝင် ကျေးဇူးတင်အသိအမှတ်ပြုထိုက်သည့် အောက်ပါဆပ်ကော်မတီများအသီးသီးမှ တာဝန်ရှိသူ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်အပေါင်းတို့အား ကျေးဇူးတင်စွာ ကမ္ပည်းမော်ကွန်းတင်ဂုဏ်ပြုအပ်ပါသည်-

(က) မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် ဩဝါဒါစရိယဆရာတော်ကြီးများအဖွဲ့

(ခ) စကျင်ကျောက်တော်ကြီးထုတ်လုပ်ရေးနှင့် သယ်ယူပင့်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆက်စပ်ဆောင်ရွက်ခဲ့သည့် Anglo Mining Co.,Ltd & Two Elephant Trading Co.,Ltd

(ဂ) တည်ဆောက်ရေးလုပ်ငန်းကော်မတီ

(ဃ) ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီ

(င) ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးလုပ်ငန်းကော်မတီ

(စ) လုပ်ငန်းစစ်ဆေးရေးကော်မတီ

(ဆ) ဘာသာရေးအခမ်းအနားများကျင်းပရေး လုပ်ငန်းကော်မတီ

(ဇ) နည်းပညာအထောက်အကူပြု ကော်မတီများနှင့် ဦးစီးကော်မတီ၊ ဆပ်ကော်မတီများ

၃။ ထို့အပြင် ဆင်းတုတော်ကြီးထုဆစ်နိုင်ရေး ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့မှ သယ်ယူပင့်ဆောင်နိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးတွင် မပါဝင်ခဲ့သော်ငြား ဘာသာသာသနာအကျိုး ရည်မျှော်ကိုးလျက် လုပ်ငန်းစဉ်ကာလအတွင်း လိုအပ်သောအကူအညီများပေးခဲ့ကြသော ဒေသခံပြည်သူလူထုများနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားကိုးကွယ်နိုင်ရန် ကျရာကဏ္ဍအသီးသီး၌ နေ့ညမနား စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြပါသော တပ်မတော်သား အင်ဂျင်နီယာပညာရှင်များနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ အသိပညာရှင် အတတ်ပညာရှင်များ၊ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ အရာရှိ၊ အရာခံ အကြပ်စစ်သည်များနှင့် အခြားသော သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်တကွ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရန် စေတနာသဒ္ဓါတရားထက်သန်စွာ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည့် လုပ်ငန်းရှင်ကြီးများ၊ ၇ ရက်သားသမီး စေတနာရှင်၊ အလှူရှင်များ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားများသို့ ကြွရောက်လာခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်ဆရာကြီးများအပါအဝင် ဘာသာသာသနာတော်ပြန့်ပွားရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်သယ်ပိုးခဲ့ကြသည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် အစရှိသူ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ကမ္ပည်းမော်ကွန်းတင် ဂုဏ်ပြုအပ်ပါသည်။

၄။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ သာသနာ့ပရိဝုဏ်အတွင်း၌ ထေရဝါဒ ဗုဒ္ဓသာသနာ၏ အနှစ်ချုပ်ဖြစ်သော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံကို ပါဠိ မြန်မာ၊ ပါဠိရိုမန်အက္ခရာ (၂)မျိုးဖြင့် ခိုင်မာသောကျောက်စာ စိုက်ထူရေးထိုးနိုင်ရေးနှင့် ကမ္ဘာသို့ပြန့်ပွားစေရေးအတွက် နိုင်ငံတကာ ကျမ်းစာများအဆင့်မီ ရိုက်နှိပ်ထုတ်ဝေနိုင်ရေးအလို့ငှာ လိုအပ်သောအထောက်အထားများနှင့် မှန်ကန်မှုရှိစေရေး စိစစ်တည်းဖြတ်ပေးခဲ့ကြပါသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်အပေါင်းတို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

၅။ ဩဂုတ် ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးဦးဆောင်ဖြင့် ကြီးမှူးဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်ဩဝါဒါစရိယသောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် ဩဝါဒါစရိယဆရာတော်ကြီးများ၊ မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်စွာကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၊ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် အခမ်းအနားများတွင် ဧည့်ခံပူဇော်ပေးပါသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများမှ တာဝန်ရှိသူများ၊ အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပါသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းမိသားစုများ၊ မဟာမင်္ဂလာအခမ်းအနားများ ပါဝင်တက်ရောက်ကြည်ညိုကြသည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် ဧည့်ပရိသတ်အပေါင်းအစရှိသူများနှင့် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ကမ္ပည်းမော်ကွန်းတင် ဂုဏ်ပြုအပ်ပါသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၊ မုစလိန္ဒနဂါးရုံဘုရား၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးနှင့် ကျောက်စာရုံစေတီတော်များ တည်ထားကိုးကွယ်ရေးနာယကအဖွဲ့