မန္တလေး ဩဂုတ် ၃
မန္တလေးမြို့ မဟာမုနိဘုရားကြီး ပိဋကတ်တိုက်တော်ကြီးအား မူလပုံစံအဆင့်မြှင့်တင်ပြုပြင်ခြင်းပြီးစီး၍ ပြခန်းအတွင်း ပြသပစ္စည်းများ ခင်းကျင်းထားရှိမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ဩဂုတ် ၂ ရက်တွင် လိုက်လံကြည့်ရှုသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတွေ့ဆုံရာ ဂေါကပအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၏ တင်ပြ ဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိဋကတ်တိုက်တော်အား တင်ဒါအောင်ကုမ္ပဏီက မူလပုံစံမပျက် အကြီးစားပြင်ဆင်မှု ပြုလုပ်ပြီးစီး၍ ရှေးဟောင်းပေစာ၊ ပုရပိုက်စာများအတွက် ရေရှည် ခံအောင် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု၊ ကျွန်းခုံပေါ်ရှိ ပြသပစ္စည်း ရှေးဟောင်းပေ၊ ပုရပိုက်များအား မှန်အုပ်ဆောင်းအတွင်း လေအဝင်အထွက်ရရှိစေရန် စီမံထားရှိမှု၊ ကျန်ရှိပေစာ၊ ပုရပိုက်စာနှင့် ကမ္မဝါတို့ကို ပြခန်းရှိဗီရိုများ၌ စနစ်တကျထိန်းသိမ်းကာ ပြသထားရှိမှု၊ ပြသပစ္စည်းများ၏ ရှင်းလင်းချက်စာသားများကို မြန်မာ-အင်္ဂလိပ်(၂)ဘာသာဖြင့် ဖတ်ရှုနိုင်သည့်အပြင် QR စနစ်များဖြင့် လေ့လာဖတ်ရှုနိုင်ရန်နှင့် E-Library အခန်းအတွင်း၌ အကြောင်းအရာ အပြည့်အစုံကို လေ့လာဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါပြခန်း၌ ပေစာထုပ်စုစုပေါင်း ၂၁၂၇ ထုပ်၊ ကမ္မဝါထုပ် စုစုပေါင်း ၂၂ ထုပ်နှင့် ပုရပိုက် စုစုပေါင်း ၇၁ ထုပ်တို့ကို စနစ်တကျထိန်းသိမ်းကာအများ ပြည်သူလေ့လာကြည့်ရှုနိုင်ရန် ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်