Skip to main content

ပေါ့ဆမှုကြောင့် လူနာများအတွက် ဆိုးကျိုးများမဖြစ်ပေါ်စေရေးအတွက် အလေးထားဆောင်ရွက်

နေပြည်တော် ဩဂုတ် ၃

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး(၂/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်း၊ ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိ သူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ အောင်မြင်စွာနှင့် လွယ်ကူစွာဖွင့်လှစ်နိုင်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် အထွေထွေရောဂါကု ဆေးခန်း ၅၁၂၄ ခု၊ အထူးကုဆေးခန်း ၁၀၀၂ ခု၊ အထွေထွေရောဂါကုဆေးရုံ ၂၇၀ ခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများအနေဖြင့် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက် မှုပေးရန်၊ လူနာများဘေးကင်းလုံခြုံရန်၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ဘေးကင်းလုံခြုံရန်၊ အခြားဘေးအန္တရာယ် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီစဉ်ထားရှိရန်၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ/နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည့် အချက်အလက်များ ပြည့်စုံစွာဆောင်ရွက်ထားရှိ ခြင်း ရှိ/မရှိတို့ကို အထူးအလေးထားစိစစ်ရမည် ဖြစ်သကဲ့သို့ တစ်ဖက်မှလည်း ပုဂ္ဂလိကလုပ်ငန်းရှင် များတွင် ဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရေးနှင့် နှောင့်နှေး မှုမဖြစ်ပေါ်စေရေး သတိပြုရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆောင်ရွက် ထားရှိရမည့် ကဏ္ဍပေါင်းစုံအား ပြီးပြည့်စုံရန် ဆောင်ရွက်ထားမှသာ ဗဟိုအဖွဲ့အနေဖြင့် တစ်လအတွင်း လိုင်စင်ကို ခွင့်ပြုပေးနိုင်မည်ဖြစ်ကြောင်း။

ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ ပေါ့ဆမှုကြောင့် လူနာများအတွက် ဆိုးကျိုးများမဖြစ်ပေါ် စေရေးအတွက် အလေးထားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ သည် သက်ဆိုင်ရာ ဆေးကောင်စီ/သူနာပြုနှင့် သားဖွားကောင်စီများက အသိအမှတ်ပြုထုတ်ပေး ထားသည့် ဆေးကုသခွင့်လိုင်စင်/သူနာပြု-သားဖွား သက်တမ်းရှိလိုင်စင်ရရှိပြီးသူဖြစ်ရန်၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်ဖြင့် ငြိစွန်းထားသူများမဖြစ်ရန်၊ နိုင်ငံခြား သားဆရာဝန်/သူနာပြုအနေဖြင့် အချိန်ပိုင်းဝန်ဆောင် မှုပြုလိုပါက သက်ဆိုင်ရာကောင်စီများက အသိအမှတ်ပြုထုတ်ပေးသော သီးခြားသတ်မှတ် အထူးဆေးကုသခွင့်လိုင်စင်ရှိရန် လိုအပ်ကြောင်း၊လူနာများ ဘေးကင်းလုံခြုံရေးအတွက် အဆောက်အဦပိုင်းဆိုင်ရာ တည်ဆောက်မှုအရည်အသွေးပြည့်ဝစေရေး၊ ၂၄ နာရီဝန်ဆောင်မှုနှင့် အရေးပေါ်ဝန်ဆောင်မှုပေး နိုင်ရေး၊ ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဓာတ်ခွဲခန်း စသည် တို့သည် အရေးကြီးသောအင်္ဂါရပ်များဖြစ်၍ အဆင့်ဆင့်ကွင်းဆင်းအဖွဲ့များဖြင့် မြေပြင်ကွင်းဆင်းစိစစ်ပြီး လိုအပ်ချက်များ ပြည့်စုံမှုရှိစေရန် အလေးထား ညွှန်ကြားစိစစ်ရမည်ဖြစ်ကြောင်း၊ အသုံးပြုဆေးဝါး များသည် FDA အသိအမှတ်ပြုဖြစ်စေရေးကို တိကျစွာ ထိန်းကျောင်းလျက်ရှိကြောင်း၊ ပုဂ္ဂလိကကျန်းမာ ရေးကဏ္ဍမြှင့်တင်ရန်အတွက် ပုဂ္ဂလိကဆေးရုံများတွင် ကျောက်ကပ်အစားထိုးကုသခြင်းလုပ်ငန်းများ၊ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းများ၊ နှလုံး ခွဲစိတ်ကုသမှုနှင့် အဆင့်မြင့်စစ်ဆေးခြင်းလုပ်ငန်းများ၊ ကင်ဆာဓာတ်ကင်ခြင်းနှင့် ဆေးသွင်းခြင်း လုပ်ငန်းများကို ခွင့်ပြုပေးခဲ့ကြောင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းကို ဥပဒေနှင့်အညီ ထိန်းကျောင်းရန်ဖြစ်ကြောင်း၊ ပြင်ပအကူ သူနာပြု သင်တန်းကျောင်းများ၊ ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်းများ ဖွင့်လှစ်နေခြင်းကို ထိန်းကျောင်းရန်အတွက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ဥပဒေနှင့်အညီ တိုးတက်ဖွံ့ဖြိုးစေရန်အတွက် ဝိုင်းဝန်းဆွေးနွေးပေး ကြရန်နှင့် ကောင်းမွန်သောအကြံပြုချက်များ ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး၊ ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏ စိုးက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းမှု၊ အတည်ပြုမှတ်တမ်းဆောင်ရွက်ထားရှိမှု၊ အထူးကိစ္စရပ်များကိုလည်းကောင်း၊ ဗဟိုအဖွဲ့တွဲဖက်အတွင်းရေးမှူး ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးခိုင်က ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းလိုင်စင်(အသစ်) လျှောက်ထားလာသည့် ကိစ္စရပ်များကိုလည်းကောင်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး (ပုဂ္ဂလိက ကျန်းမာရေး) ဒေါက်တာခင်ခင်ကြီးက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီက ခွင့်ပြုပြီး လုပ်ငန်းများအတည်ပြု မှတ်တမ်းတင်ရန်နှင့် အမည်ပြောင်းလျှောက်ထား လာခြင်းကိုလည်းကောင်း ဆွေးဆွေးကြပြီး တက်ရောက်လာသည့် ဗဟိုအဖွဲ့အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရသည်။

သတင်းစဉ်