နေပြည်တော် ဩဂုတ် ၃
စားရေရိက္ခာ ဖူလုံပိုလျှံရေးကြိုးပမ်းရာတွင် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးကို အရေးပါသောအခန်းကဏ္ဍတစ်ခုအဖြစ် ဆောင်ရွက်ရန်လိုကြောင်း၊ သို့မှသာ နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေး ဦးတည်ချက်ဖော်ဆောင်မှုကို အထောက်အကူပြုစေမည် ဖြစ်ကြောင်း ယမန်နေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ပြုလုပ်သည့် (၂၄) ကြိမ်မြောက် လစဉ် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။
အဓိကအကောင်အထည်ဖော်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းမှသည် စားသုံးသည်အထိ အစားအသောက် ကွင်းဆက်တစ်လျှောက် အဆင့်တိုင်းတွင် အစားအသောက်ဘေး အန္တရာယ်ကင်းရှင်းရေး လွှမ်းခြုံ နိုင်ရန်နှင့် သားငါးတင်သွင်းတင်ပို့မှု နှစ်ရပ်စလုံးတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် မိမိတို့ဝန်ကြီးဌာနက အဓိက အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်၍ သားငါးကဏ္ဍ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လက်ရှိဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့် သုတေသနဆောင်ရွက်ရမည့် ဦးစားပေးအဆင့်အလိုက် လုပ်ငန်းများကို ယနေ့ဆွေးနွေးပွဲတွင် ဝိုင်းဝန်းဖော်ထုတ်ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အကြံပြုဆွေးနွေး
ယနေ့ စကားဝိုင်းဆွေးနွေးပွဲတွင် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက အစီအစဉ်မှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပါဝင်ဆွေးနွေးကြသူများက သားငါးထွက်ကုန်များ အစား အစာဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ဌာနများက ဆောင်ရွက်နေမှု၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း၊ လမ်းညွှန်ချက်များနှင့်ဌာနများက လိုက်ပါဆောင်ရွက်နေမှုများ၊ ပညာပေးအစီအစဉ်နှင့် သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များ၊ သားငါးထွက်ကုန်များ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးများနှင့် အခမ်းအနားတက် ရောက်လာကြသူများက မေးမြန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်