Skip to main content

ထေရဝါဒဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပ

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် သဲဖြူကုန်းတော်မြေနေရာတွင် ကိန်းဝပ်စံပယ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့်ရေစက်ချ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်အဆင့် စည်ကားခမ်းနားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ  ထွန်းလင်းတောက်ပလျက်ရှိမှုအား  ကမ္ဘာကိုပြသရန်၊မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊  ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန်  ရည်ရွယ်ချက် (၄) ရပ်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ဦးဆောင်သည့်  ခုနစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို့က သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာထုံးများနှင့်အညီ အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်သည့်နိုင်ငံဖြစ်သည်။ ထေရဝါဒဗုဒ္ဓသာသနာတော် မြန်မာနိုင်ငံ၌ စတင်ဖြစ်ထွန်းလာခဲ့သည့် ပုဂံခေတ်မှစ၍ ယနေ့ထက်တိုင်အောင် အဓွန့်ရှည်တည်တံ့ ထွန်းလင်းတောက်ပနေဆဲဖြစ်သည်။ ဆက်လက်၍ ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင်  အခြေခံခိုင်မာမှု ကမ္ဘာ တည်သရွေ့  ဆက်လက်ထွန်းလင်းတောက်ပနေသည်ကို ပြသနိုင်ရန်အတွက် ကမ္ဘာပေါ်၌ အလေးချိန်အများဆုံး၊ ဉာဏ်တော်အမြင့်ဆုံး အံ့မခန်းဖွယ်ရာ ကျောက်သားစစ်စစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်ထွန်းလာရန် ရည်ရွယ်တည်ထားသည်ကို ယနေ့မြင်တွေ့နေရပြီဖြစ်သည်။

ဂေါတမမြတ်စွာဘုရားရှင် ၄၅ ဝါကာလပတ်လုံး ဟောကြားတော်မူခဲ့သည့် ဝိနည်း၊ အဘိဓမ္မာနှင့် သုတ္တန်ဒေသနာတော်များ  ကမ္ဘာတည်သရွေ့  မပျက်စီးဘဲ ကမ္ဘာ့ဗုဒ္ဓသာသနာ့ စာကြည့်တိုက်ကြီးအဖြစ် တည်ရှိနေစေရေးအကျိုးငှာ ရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်မူရာ အရပ်မျက်နှာတို့၌ ဝိနည်းကျောက်စာရုံစေတီ ၉၆  ဆူ၊  အဘိဓမ္မာကျောက်စာရုံစေတီ  ၂၁၆  ဆူနှင့် သုတ္တန်ကျောက်စာရုံစေတီ ၇၂၀ ကို တစ်ဆူလျှင် ကျောက်စာချပ်နှစ်ချပ်၊ ကျောက်စာတစ်ချပ်တွင် ပါဠိဘာသာ တစ်ဖက်၊ ရိုမန်ဘာသာတစ်ဖက် ရေးထိုးထားပြီး ကျောက်စာချပ်ပေါ်တွင် စာသားရေးထွင်းမှုကို ကွန်ပျူတာထိန်းချုပ်စက်ယန္တရားများ အကူအညီဖြင့် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ နေလိုလလို ထွန်းလင်းတောက်ပနေသည်ကို မြန်မာပြည်သူ ပြည်သားများ ကြည်ညိုဖွယ်ရာမဆုံး ဖူးမြော်နိုင်ကြစေရန်အပြင် ထေရဝါဒဗုဒ္ဓသာသနာကို ကြည်ညိုလေးစား ကိုးကွယ်ဆည်းကပ်ကြသည့် ကမ္ဘာ့နိုင်ငံများရှိ ဗုဒ္ဓဘာသာဝင်များ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထူးခြား အံ့ဖွယ်ရာ  တည်ထားကိုးကွယ်မှုဆိုင်ရာ  တည်ဆောက်ရေးဗိသုကာ  အသိပညာ၊ အတတ်ပညာများကို လေ့လာလိုကြသည့် အသိပညာရှင်၊ အတတ်ပညာရှင်၊လေ့လာရေးသုတေသီများ စိတ်ဝင်စားဖွယ် လေ့လာခွင့်များနှင့် ဖူးမြော်ကြည်ညို ကုသိုလ်သဒ္ဓါပွားခွင့်များ ရရှိနိုင်ကြမည်ဖြစ်သည်။

မင်္ဂလာအခမ်းအနားကျင်းပရာသို့ ပြည်ပကိုးနိုင်ငံမှ ကြွရောက်တော်မူလာကြမည့် ဆရာတော် သံဃာတော်အပါး ၇၀ ကျော်နှင့် ပြည်တွင်းမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်သည်တော်များ တက်ရောက်ကြမည်ဖြစ်ပြီး  အခမ်းအနားစတင်ချိန်မှ  ပြီးဆုံးသည်အထိ  ကျက်သရေမင်္ဂလာရှိသော မြင်ကွင်းများ၊ ဗုဒ္ဓဘာသာဝင် ခုနစ်ရက် သားသမီးအပေါင်းတို့၏ လှူဒါန်းခဲ့သည့် ကုသိုလ်အပေါင်းတို့နှင့် ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး အောင်မြင်စွာတည်ထားနိုင်ရေးအတွက် စွမ်းစွမ်းတမံ မနေမနားဆောင်ရွက်ခဲ့ကြသူများ အားလုံးတို့၏ ကုသိုလ်များကို ပီတိသောမနဿစိတ်ဖြင့် အာရုံပြုနိုင်ကြမည် ဖြစ်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပပြီးနောက် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့အထိ မြန်မာပြည်တစ်ဝန်းလုံးမှ ဘုရားဖူးပြည်သူအားလုံးကို မင်္ဂလာအခမ်းအနားများ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် လုံခြုံရေးအရ စစ်ဆေးမှုခံယူပြီး အခမဲ့ ဝင်ရောက်ဖူးမြော်ကြည်ညိုခွင့် ပြုမည်ဖြစ်သည်။ အဆိုပါနေ့ရက်နောက်ပိုင်းတွင် နိုင်ငံတကာ ထုံးတမ်းစဉ်လာများနှင့်အညီ သတ်မှတ်အခကြေးငွေဖြင့် ဖူးမြော်ကြည်ညို လေ့လာခွင့်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲနှင့် အလှူရှင်များကောင်းမှု၊ ပြည်ပပညာရှင် တစ်ဦးတစ်ယောက်မျှမပါဘဲ မြန်မာနိုင်ငံသား အင်ဂျင်နီယာပညာရှင်များဖြင့် ဆောင်ရွက်နိုင်မှုကြောင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်အတူ ဗုဒ္ဓဥယျာဉ်တော်ကြီးတစ်ခု အံ့မခန်းဖွယ် အောင်မြင်စွာ  တည်ထားနိုင်ခဲ့ရာ မြန်မာနိုင်ငံ၌ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပနေမှုကို တစ်ကမ္ဘာလုံးသို့ ပြသနိုင်ပြီဖြစ်ပါကြောင်း။  ။