Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့Ural State Mining University ရှိ ဘူမိဗေဒပြခန်း၊ Museum complex of military and civil equipment of the Ural Mining and Metallurgical Company နှင့် Stone - crafting House များသို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ဇူလိုင် ၁၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းက ယီယာကျီရင်ဘတ်မြို့ရှိ Ural State Mining University ၏ ဘူမိဗေဒပြခန်းသို့ သွားရောက်ကြည့်ရှုလေ့လာသည်။

ကြည့်ရှုလေ့လာစဉ် သက်ဆိုင်ရာတာဝန်ရှိသူများက ခေတ်အဆက်ဆက်မှ ဘူမိဗေဒဆိုင်ရာစွန့်ဦးရှာဖွေတွေ့ရှိမှုများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာမှုနှင့် Ural ဒေသထွက် အဖိုးတန်သတ္တုရိုင်းများကို လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အဆိုပါမြို့ရှိ Museum complex of military and civil equipment of the Ural Mining and Metall-urgical Company ၌ ခင်းကျင်းပြသထားသည့် ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သော သစ်သား ကိုယ်ထည်တိုက်လေယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေးလက်နက်များ၊ တင့်ကားများ၊ သင်္ဘောများနှင့် ရှေးယခင်ကအသုံးပြုခဲ့ကြသည့် ရေနွေးငွေ့သုံး မီးရထားများကို သွားရောက်ကြည့်ရှုလေ့လာသည်။

ယနေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ယီကာကျီရင်ဘတ်မြို့ရှိ Stone-crafting House by Alexey Antonov ကျောက်ဆစ်အနုပညာပြခန်းသို့ သွားရောက်ပြီး ရှေးဟောင်းတိရစ္ဆာန်ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ကမ္ဘာ့ဒေသအနှံ့အပြားမှ စုဆောင်းထားသည့် အမျိုးစုံသောကျောက်များ၊ ထုဆစ်ပြုလုပ်ထားသော အရွယ်အစားမျိုးစုံ ကျောက်ဆစ်ပန်းပုများ၊ ရုရှားနိုင်ငံ၏ ရှေးအကျဆုံး တူးဖော်ရရှိထားသည့် ရွှေများနှင့် ကျောက်သားပန်းချီကားချပ်များကို ကြည့်ရှု လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်