နေပြည်တော် ဇူလိုင် ၁၃
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ တည်ထားလျက်ရှိသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်း လုပ်ငန်းများအတွက် အလှူငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းခြင်းနှင့် ရခိုင်ပြည်နယ် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက် စာသင်ခုံများဝယ်ယူရန် အလှူတော်ငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင်များက လာရောက်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်း လုပ်ငန်းများအတွက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်နေ ဦးမောင်မောင်၊ Asia Express Yangon Co., Ltd မိသားစု (ဇမ္ဗူသီရိဟိုတယ်) က အလှူငွေကျပ် သိန်း ၁၀၀၀ ကိုလည်းကောင်း၊ ရခိုင်ပြည်နယ် သဘာဝဘေးဒဏ်သင့် ဒေသများရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် စာသင်ခုံများဝယ်ယူရန် ရွှေဓနအောင်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာ စိုးသိန်းက အလှူတော်ငွေကျပ် သိန်း ၁၆၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) အကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်မင်းကျော်သူက အလှူတော်ငွေကျပ် သိန်း ၅၀ နှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)က အလှူတော် ငွေကျပ် သိန်း ၃၀ တို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်