Skip to main content

ကရင်ပြည်နယ်၀န်ကြီးချုပ် ဖာပွန်ခရိုင်အတွင်းရှိပုံမှန်၀င်ငွေမရှိသောအိမ် ထောင်စုများအတွက်ထောက်ပံ့ငွေများပေးအပ်ပြီးဒေသဖွံဖြိုးရေးလုပ်ငန်း​များ ကြည့်ရှုစစ်ဆေး

ဖာပွန် သြဂုတ် ၁၄

ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ​ဒေါ်နန်းခင်​ထွေးမြင့်သည်ပြည်နယ်ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန် ရှိသူများလိုက်ပါလျှက် ယ​နေ့နံနက်က ဖာပွန်ခရိုင်အတွင်း ​ပုံမှန်၀င်ငွေမရှိသောအိမ်ထောင်စု (၂၅၇၈) ဦးအတွက် ထောက်ပံ့ငွေ (၂၀၀၀၀) စီပေးအပ်ပြီး ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်း​များ ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖာပွန်ခရိုင်၊ ကမ​မောင်းမြို့၊ အ-ထ-က ကတိုင်တိကျောင်းမှ တာဝန်ရှိသူများနှင့်​တွေ့ဆုံပြီး ကျောင်းအတွက် ကွန်ပျူတာ၊ ပရင်တာ၊ မီးစက် (၁) စုံ၊ အားကစားပစ္စည်းများနှင့်လက်သန့်​ဆေးရည်များ ထောက်ပံ့​ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့​သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖာပွန်ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ စု​ပေါင်းရုံး ယွန်းစလင်းခန်းမတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်​ထောင်စု (၆၅၂) ဦးအတွက် ငွေကျပ် (၂၀၀၀၀) စီနှင့် ဖာပွန်မြို့အတွက် အားကစားပစ္စည်း (Outdoor Fitness) ထောက်ပံ့ပေးအပ်ခြင်းများ ​ဆောင်ရွက်ခဲ့သည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အ-ထ-က ဖာပွန်သို့​သွား​ရောက်၍ တာဝန်ရှိသူများနှင့်​​တွေ့ဆုံကာ ​​ကျောင်းအတွက် ကွန်ပျူတာ၊ ပရင်တာ၊ မီးစက် (၁) စုံနှင့် အားကစားပစ္စည်းများ ထောက်ပံ့​ပေးအပ်ခဲ့ပြီး စာသင်ခန်းအတွင်း စာသင်ကြား​နေမှု အ​ခြေအ​နေများအား လှည့်လည်ကြည့်ရှုစစ်​ဆေးပြီး အမှတ် (၁) ရပ်ကွက်ရှိ မြစ်ကမ်းထိန်းနံရံ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ယွန်းစလင်းမြစ်​ ရေစီး​ရေလာ​ကောင်းမွန်​​စေရေးအတွက် ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်​​ဆေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖာပွန်ခရိုင်၊ ကမ​မောင်းမြို့ ကိုးနဝင်းဘုန်း​တော်ကြီး​ကျောင်းတွင် ပုံမှန်ဝင်​ငွေမရှိ​​သော အိမ်​ထောင်စု (၁၉၂၆) ဦးအတွက် ​ငွေကျပ် (၂၀၀၀၀) စီ​နှင့် ကမ​မောင်းမြို့အတွက် အားကစားပစ္စည်း (Outdoor Fitness) ထောက်ပံ့​ပေးအပ်ခြင်းများ ​ဆောင်ရွက်ခဲ့​သည်။
ထို့​နောက် ကိုးနဝင်း​ကျောင်းဆရာ​တော်အား ဖူး​မျှော်ကြည်ညိုကာ ကိုးနဝင်း​ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၉၆) ဦး အတွက် ​ကျောင်းဝတ်စုံ (၂၀၀) စုံနှင့် ဗလာစာအုပ်ဒါဇင် (၂၀၀) တို့ကို ဆရာ​တော်ထံဆက်ကပ်လှူဒါန်းပြီး​ ကျောင်းသား​၊ ကျောင်းသူများကို အား​ပေးစကား​​ပြောကြား၍ အားကစားပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်