နေပြည်တော် မေ ၃၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သောအဖွဲ့ကို ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ ကျင်းပမည့် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးဆောင်ရွက်မည့်အခြေအနေနှင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ စိစစ်ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool က ဒူးမားလွှတ်တော်ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် အစဉ်အလာကောင်းများရှိခဲ့ပြီး ၇၅ နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ရှေးယခင်ကတည်းက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရှေ့ဆက်ပြီးလည်း ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားပြီး အမြဲထောက်ခံအားပေးလျက်ရှိပါ ကြောင်းပြောကြားကာ သိလိုသည်များကို မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံအလိုက် ပြဋ္ဌာန်းဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများသည် တူညီမှုမရှိဘဲ မိမိနိုင်ငံ၊ မိမိအခြေအနေနှင့် ကိုက်ညီစေရန် ရေးဆွဲဆောင်ရွက်ရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရွေးကောက်ပွဲများကျင်းပရာတွင် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်ပြည်သူများက ယုံကြည်လက်ခံသည့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲများ၏ အားနည်းချက်များကို လေ့လာသုံးသပ်ပြီး လာမည့်ရွေးကောက်ပွဲများတွင် မဲမသမာမှုများမဖြစ်အောင် ဥပဒေများကိုဆောင်ရွက်ထားပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့်လည်း မဲစာရင်းပြုစုခြင်းလုပ်ငန်းစဉ်များကို လေ့လာစောင့်ကြည့်ခွင့်နှင့် ပူးပေါင်း ဆောင်ရွက်ခွင့်ရှိမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီ အားလုံးအား ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများအားတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ ပြုရာတွင်လည်း ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ မရှိစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံရေးပါတီမဆို ဥပဒေများကို ချိုးဖောက်ပါကအရေးယူခံရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ပြည်ပဩဇာခံများမဖြစ်စေရေး အရေးကြီးပါကြောင်း၊ နိုင်ငံရေး ပါတီများသည် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် တာဝန်ယူရမည့်သူများဖြစ်၍ ဒီမိုကရေစီသက်တမ်းနုနယ်သည့် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေးပါတီကောင်းများ၊ လူတော်လူကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရုရှားနိုင်ငံဗဟိုရွေးကောက်ပွဲကော်မရှင်နှင့်ညှိနှိုင်း၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်