လက်ရှိကာလဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံအများ စက်သုံးဆီပြဿနာအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ စက်သုံးဆီပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံအလိုက် နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အရှေ့အလယ်ပိုင်းဒေသတွင် ပြဿနာစတင်ဖြစ်စဉ်ကတည်းက ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စေရန်အတွက် စက်သုံးဆီကို နေ့စဉ်ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံတော်အနေဖြင့် စက်သုံးဆီအရန်သိုလှောင်ထားရှိမှုနှင့် ထပ်မံရရှိမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည်။ “စုံ၊ မ” စနစ်ဖြင့် မော်တော်ယာဉ်သုံးစွဲမှုနှင့် စက်သုံးဆီဝယ်ယူမှုကို ဆောင်ရွက်ပေးခဲ့သည်။ လုံလောက်သော အရန်စက်သုံးဆီရှိသော်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော စွမ်းအင်ဆိုင်ရာစိန်ခေါ်မှုအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စက်သုံးဆီချွေတာသုံးစွဲနိုင်ရန် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးဌာနများ နေအိမ်မှသာအလုပ်လုပ်ရန် သတ်မှတ်ကြေညာခဲ့သည်။ ဆက်လက်၍ စက်သုံးဆီဝယ်ယူရာ၌ စနစ်တကျဖြစ်စေရန်အတွက် Bar Code၊ QR Code စနစ်ကို အကောင်အထည်ဖော်ခဲ့သည်။ ထို့အပြင် ယာဉ်၏စက်စွမ်းအား အပေါ်တွင်မူတည်၍ တစ်ပတ်အတွင်း တစ်ကြိမ်၊ နှစ်ကြိမ် ထုတ်သည့်စနစ်ကို ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်တွင် စက်သုံးဆီကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် ရည်ရွယ်၍ နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် QR စနစ်ကို အသုံးပြုနေသည့် မြို့ကြီး ၄ မြို့တွင် စနစ်ဟောင်းရောင်းချမှု၌ တန်းစီဝယ်ယူခဲ့ကြသည့် ဆိုင်ကယ်၊ သုံးဘီး၊ မော်တော်ယာဉ် စီးရေထက် စနစ်သစ်ရောင်းချမှုတွင် ယာဉ်စီးရေလျော့နည်းသွားသည်ကို တွေ့ရ သည်။
သို့ရာတွင် ကမ္ဘာ့ဈေးကွက်အခြေအနေအရ စက်သုံးဆီဈေးနှုန်းမြင့်မားလာသည်ကို အခွင့်ကောင်းယူ၍ အချို့အရောင်းဆိုင်များက ရောင်းချခြင်းမပြုဘဲ ဆိုင်ပိတ်ထားခြင်း၊ အချို့အနေဖြင့် ရောင်းချနိုင်အားကို လျှော့ချထားခြင်း၊ အချို့ဆိုင်များက Scan မဖတ်ဘဲရောင်းချနေခြင်း၊ အချို့မော်တော်ယာဉ်များအနေဖြင့် ခွဲတမ်းပိုမိုရရှိမှုကို အခွင့်ကောင်းယူ၍ မသမာမှုများ ပြုလုပ်လာခြင်းတို့ကြောင့် စက်သုံးဆီရောင်းချနေသည့် ဆိုင်အများစုတွင် မော်တော်ယာဉ်များ တန်းစီဝယ်ယူမှု ပိုများလာသည်ကိုတွေ့ရသည်။
နိုင်ငံတော်အနေဖြင့် ပြည်သူများ အဆင်ပြေချောမွေ့စေရန်အတွက် ဖြစ်ပေါ် လာသောအခက်အခဲများကို ပြေလည်အောင် နည်းလမ်းအဖုံဖုံ၊ ဖြေရှင်းနည်းအမျိုးမျိုးဖြင့် ဆောင်ရွက်ပေးနေသော်လည်း ပြေလည်မှုမရရှိနိုင်သည်မှာ နိုင်ငံတော်က စနစ်တကျ ဆောင်ရွက်ပေးမှုအပေါ်တွင် စနစ်တကျလိုက်ပါဆောင်ရွက်ခြင်းမရှိဘဲ ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးဆောင်ရွက်နေသောကြောင့်ဖြစ်သည်။ ကမ္ဘာ့ပဋိပက္ခစတင်သည့်နေ့မှစ၍ နိုင်ငံတော်အနေဖြင့် စက်သုံးဆီကို အလျဉ်မပြတ်ဆောင်ရွက်ပေးလျက်ရှိသော်လည်း နိုင်ငံကြီးသားမပီသဘဲ အသိတရားအားနည်းမှုများနေသည်ကို တွေ့ရသည်။ စက်သုံးဆီ အခက်အခဲဖြစ်ပေါ်နေချိန်တွင် တိုင်းပြည်အကျိုး၊ အများအကျိုးကိုဦးစားမပေးဘဲ ကိုယ်ကျိုးစီးပွားအတ္တများ ရှေ့တန်းတင်မှုများကြောင့် မဖြစ်သင့်မဖြစ်ထိုက်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။
ယနေ့ကာလတွင် ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၏ လမ်းမများပေါ်၌ အချိန်ကုန်ခံ၊ ပင်ပန်းအဆင်းရဲခံ ရင်ဆိုင်နေကြသည့် “ဆီတန်းစီမှုပြဿနာ” သည် နိုင်ငံတော်က အဆင်ပြေအောင် စီမံဆောင်ရွက်ပေးနေသည့်ကြားမှ မိမိတို့အတ္တကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာသာဖြစ်သည်။ အမှန်တကယ်တွင် မော်တော်ယာဉ်ပိုင်ရှင်များ၏ အချိန်များ၊ ဘဝများသာ ထိခိုက်နေသည်မဟုတ်ပေ။ နိုင်ငံတော်က ပြည်သူများ အဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံခြားငွေအမြောက်အမြား အကုန်အကျခံကာ ဝယ်ယူခွင့်ပြုခဲ့သည့် စက်သုံးဆီတန်ဖိုးများ အလဟဿအချည်းအနှီး လေလွင့်ဆုံးရှုံးနေသည်ကို သတိမူကြရမည်ဖြစ်သည်။ မော်တော်ယာဉ်များ မြောက်မြားရှည်လျားစွာ ဆီတန်းစီလိုက်ခြင်းကြောင့် စက်သုံးဆီအချည်းနှီးလေလွင့်မှုများသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများဖြစ်နေသည်ကို သတိပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေ ချောမွေ့စေရန်အတွက် စက်သုံးဆီဝယ်ယူဖြန့်ဖြူးရောင်းချမှုများကို စနစ်တကျစီမံဆောင်ရွက်ပေးလျက်ရှိရာ ရောင်းချသူများက သတ်မှတ်ထားသည့် စည်းကမ်းနှင့်အညီ စနစ်တကျရောင်းချပြီး ပြည်သူများအနေဖြင့် အမှန်တကယ်လိုအပ်မှုနှင့်အညီ လိုအပ်သလောက်ဝယ်ယူကာ မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ မဖြစ်ပေါ်လာအောင် အလေးထားလိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
