နေပြည်တော် မေ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန် ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ ယနေ့တွင်ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးလူအေးသည် တာဝန်ရှိသူများနှင့်အတူ သောက်သုံးရေ ခက်ခဲနေသော ငလပွေ့ရပ်ကွက်သို့ သောက်သုံးရေများ ဖြန့်ဝေပေးခြင်း၊ စေတီယျရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများနှင့် သောက်သုံးရေများ ဖြန့်ဝေပေး ခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ဆရာ ဆရာမများအား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ မောင်တောခရိုင်ဘူးသီးတောင်မြို့နယ်သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုခန်းမ၌ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု ၈၄ အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထို့အတူ သံတွဲမြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ် စိုးနိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘက်စုံထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခြင်း၊ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးစာအုပ်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း အစည်းအဝေးကို တက်ရောက်ခဲ့ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
အလားတူ မြေပုံမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုးသည် တာဝန်ရှိသူ များနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်း ဇယားများ မှန်ကန်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်