ဘားအံ ဩဂုတ်လ ၁၄
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုနှင့် ဝဲကရင်ကျေးရွာအုပ်စုတို့တွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဘားအံရုံးနှင့် NRC(Norwegian Refugee Council)တို့ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ပေးအပ်ပွဲအခမ်းအနားကို နောင်ကုန်း (ဝဲကရင်) ရွာတွင် ပြုလုပ်သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးမင်းကိုခိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံး ခရိုင်ဦးစီးမှူး ဦးချစ်သန်း၊ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်တို့က သာယာကုန်းကျေးရွာအုပ်စုနှင့် ဝဲကရင်ကျေးရွာအုပ်စုများမှ မဲစာရင်းစိစစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသော သာယာကုန်းကျေးရွာမှ (၉၅) ဦး၊ ဝဲကရင်ကျေးရွာမှ (၁၀၃) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၉၈) ကတ်အား ပြည်သူ့လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)