နေပြည်တော် မေ ၂၆
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk)၏ အမှတ်စဉ် (၁၄) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ကျင်းပသည့် အသိပညာမျှဝေဆွေးနွေးပွဲ တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စောယုမွန်က “အာရှနိုင်ငံများ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကြောင့် စီးပွားရေးတိုးတက်မှု အကျိုးသက်ရောက်မှုများအပေါ် နှိုင်းယှဉ်လေ့လာခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားမည် ဖြစ် ကြောင်း၊ ကမ္ဘာ့စီးပွားရေးနှင့်ဒေသတွင်း စီးပွားရေးတို့နှင့်ဆက်စပ်လျက်ရှိသည့် နိုင်ငံတကာကုန်သွယ်မှု အခြေအနေများ၊ အာရှနိုင်ငံများနှင့်ဒေသတွင်းနိုင်ငံများအကြား ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်လာပုံအဆင့်ဆင့် သမိုင်းကြောင်းများနှင့် ကမ္ဘာ့ကုန်သွယ်မှုမူဝါဒများ၊ ပြည်ပမှနိုင်ငံခြားငွေများ မိမိနိုင်ငံတွင်းသို့ စီးဝင်လာနိုင် မည့် ကုန်သွယ်ရေးတွင်အသာစီးရရှိနိုင်သည့် အခြေအနေများကိုသိရှိနားလည်နိုင်လာမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးမည့်ခေါင်းစဉ်အရ အာရှနိုင်ငံများ၏နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံ မှု (FDI) ကြောင့် စီးပွားရေးတိုးတက်မှုအကျိုးသက်ရောက်မှုအပေါ် နှိုင်းယှဉ်လေ့လာခြင်းဖြစ် သည့်အတွက် မိမိတို့နိုင်ငံ၏နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံ မှု (FDI)နှင့် စပ်လျဉ်း၍လက်ရှိဖြစ်စဉ်များကိုသိရှိထားရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကြောင့် ဘဏ္ဍာငွေနှင့်နည်းပညာ၊ ပို့ကုန်တိုးမြှင့်လာမှု၊ ငွေကြေးလဲလှယ်နှုန်းများတည်ငြိမ်လာခြင်း စသည့်ရလဒ်များလည်းရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ အကျိုး/အပြစ်များကိုသေချာစွာနားလည် သိရှိထားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စောယုမွန် က “အာရှနိုင်ငံများ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကြောင့် စီးပွားရေးတိုးတက်မှု အကျိုး သက်ရောက်မှုများအပေါ် နှိုင်းယှဉ် လေ့လာခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ဆွေးနွေးမှုခေါင်းစဉ်နှင့်စပ်လျဉ်း၍ သိရှိ လိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများအပေါ် ဝန်ကြီးဌာနအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက် သွားမည့်ကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း / အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်