Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ စက်မှုလက်မှုသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ

မန္တလေး မေ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုသည် ကျောင်းတက်သူဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေးတို့နှင့်စပ်လျဉ်း၍ ယမန်နေ့ကမဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်နှင့် အမရပူရခရိုင်တို့အတွင်းရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ စက်မှုလက်မှုသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခများ၊ ပါမောက္ခ(ဌာနမှူး) များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုသည် နံနက်ပိုင်းတွင် မဟာအောင်မြေခရိုင်နှင့် အောင်မြေသာစံခရိုင်တို့အတွင်းရှိ မူလတန်းကျောင်းအုပ်များ၊ ဆရာ ဆရာမများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးဆောင်များနှင့်တွေ့ဆုံအမှာ စကားပြောကြားရာ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြားခဲ့သည့် မိန့်ခွန်းပါအချက်အလက်များကိုထပ်ဆင့်အသိပေး ရှင်းလင်းတင်ပြခဲ့ပြီး ကျောင်းအပ်နှံသူဦးရေနှင့် ကျောင်းတက်သူဦးရေ ပိုမိုတိုးတက်ရေးနှင့် ကျောင်းသားကျောင်းသူများ စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းနိုင်မှု လျော့နည်းမသွားရေးတို့နှင့်စပ်လျဉ်း၍ နိုင်ငံတစ်နိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၌လိုအပ်နေသည့် ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အခြေခံကျောင်းများ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်မှမြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးတိုးတက်ကောင်းမွန်စေရေးမူဝါဒများ၊ ဦးတည်ချက်များ၊ ရည်မှန်းချက်များနှင့်အညီ ကျောင်းအပ်နှံသူနှင့်ကျောင်းတက်သူဦးရေ ပိုမိုတိုးတက်ရေး၊ ကျောင်းနေမြဲစေရေးနှင့် အတန်းကူးပြောင်းမှုမြင့်မားရေး၊ ကျောင်းနေအရွယ် ကျောင်းသားကျောင်းသူတိုင်း အလယ်တန်းပညာပြီးမြောက်သည်အထိ အခမဲ့ပညာရေးအနေဖြင့် မသင်မနေရအဖြစ် တွန်းအားပေးဆောင်ရွက်နေပါကြောင်း၊ တန်ဖိုးမြင့် လူ့စွမ်းအားအရင်းအမြစ်များအား အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူထားပြီး အားလုံးဝိုင်းဝန်းပူးပေါင်း ပြုစုပျိုးထောင်ပေးသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်က နိုင်ငံတော်မှအမျိုးသားပညာရည်မြှင့်တင်ရေးကဏ္ဍများတွင် အလေးအနက်ထားဆောင်ရွက်နေမှု၊ ပညာရေးအသုံးစရိတ်များ နှစ်စဉ်တိုးမြှင့် ခွဲဝေချထားပေးနေမှု၊ ပညာရေးကဏ္ဍနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများကိုပြောကြားပြီး တက်ရောက်လာသူများက ကျောင်းတက်သူဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေးတို့နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ကြုံတွေ့နေရသည့်အခြေအနေများကို တင်ပြဆွေးနွေးရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည် ဆောင်ရွက်ပေးကာ ဆရာဆရာမများအတွက် ချီးမြှင့်ငွေကျပ် ၂၃၂၅၀၀၀ ကို ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်သည် မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်တို့အတွင်းရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ စက်မှုလက်မှုသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းအုပ်ကြီးများ၊ နည်းပြများ၊ ဆရာဆရာမများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုမိသားစုက ကျောက်ဆည်တက္ကသိုလ်ရှိ အနုပညာအသင်းအတွက် YAHAMA အမျိုးအစား ကီးဘုတ်တစ်လုံး လှူဒါန်းပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၏ တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေ သုံးစွဲပေးမှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြမှုများကိုလည်းကောင်း၊ တက်ရောက်လာသူများ၏ အဆင့်မြင့်ပညာကဏ္ဍတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် စာတွေ့လက်တွေ့သင်ကြားနေမှု၊ ကျွမ်းကျင်တတ်မြောက်မှုအပိုင်းနှင့်ပတ်သက်၍ အကဲဖြတ်စစ်ဆေးမှု၊ သုတေသနလုပ်ငန်းဆောင်ရွက်နေမှု၊ အတန်းတက်ရောက်မှုကို တင်ပြဆွေးနွေးရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရင်းနှီးစွာနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်