Skip to main content

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မေ ၂၅

သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့်ဒေသများတွင် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌ ရောက်ရှိအခြေပြုလျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် အဆိုပါမြို့ရှိ မြို့ဦးဘုန်းကြီးကျောင်းတွင် ဆရာတော်၊ သံဃာတော်များနှင့် ဒေသခံပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိပြီး လမ်းဘေးဘယ်ညာမှ လဲကျနေသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်ရှိ စာသင်ဆောင်အမိုးအား ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အတူ ကျောက်တော်မြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် အဆိုပါမြို့ရှိဒေသခံပြည်သူများအား ချက်ပြုတ်ရေးအဆင်ပြေစေရန် သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိသည်။

စစ်တွေမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စစ်တွေ-ရန်ကုန်သွားကားလမ်းပေါ်ရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းကြီးများအား ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အလားတူ မောင်တောမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့်ပူးပေါင်း၍ မောင်တောမြို့၊ ပဲရုံကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်ခြားရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အဆိုပါမြို့ရှိ မဟာအောင်မြေရတနာကျောင်းတိုက်၊ ဇေယျာဂီရိကုလရက္ခိတတောင် အလိုတော်ပြည့်ကျောင်းနှင့် အောင်မြေဗောဓိသာသနာ့ရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်တို့၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အတူ မြောက်ဦးမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသော နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များဖြင့်ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံဖွင့်လှစ်၍ နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်းကာ ဒေသခံပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။