နေပြည်တော် မေ ၂၄
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မေ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ မန္တလေးနည်းပညာ တက္ကသိုလ်၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နည်းပညာတက္ကသိုလ် (စစ်ကိုင်း)တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (မန္တလေး) သို့ရောက်ရှိပြီး တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်စေရေး၊ စိမ်းလန်းစိုပြည်သန့်ရှင်းသာယာ လှပစေရေး၊ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်တတ်ကြွစွာ အားကစားပြုလုပ်နိုင်ရေး၊ အေးချမ်းပျော်ရွှင်စွာနေထိုင်နိုင်ရေး၊ သင်ကြားသင်ယူမှုဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ကြရန်မှာကြားကာ ဆရာ ဆရာမ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပင်မစာသင်ဆောင်ရှိ ကွန်ပျူတာခန်းများနှင့် လက်တွေ့ခန်းများ၊ တက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူဆောင်များ၊ ကန်တင်းနှင့် အားကစားကွင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေး နည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ် (မန္တလေး)တည်ဆောက်ရေးစီမံကိန်းနေရာသို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ရောက်ရှိပြီး တက္ကသိုလ်ရှိစုဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းအသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လူ့အဖွဲ့အစည်း၊ လူသားများနှင့် ပတ်ဝန်းကျင်ကောင်းကျိုးအတွက် ဆန်းသစ်တီထွင်နိုင်သော သုတေသီများနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးတွင် ထိထိရောက်ရောက် အကျိုးပြုနိုင်သော အင်ဂျင်နီယာများ၊ ကျွမ်းကျင်သူများနှင့် သုတေသီများဖြစ်လာစေရန် ကျောင်းသား ကျောင်းသူများအား စနစ်တကျသင်ကြားလေ့ကျင့်ပေးရန်၊ စာတွေ့သာမကလက်တွေ့ကျသည့် သင်ခန်းစာများဖြင့် သင်ကြားပေးပြီး လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများဆောင်ရွက်ကြရန်၊ မိမိတို့ရရှိထားသော အရည်အသွေးအာမခံမှုများကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် သင်ကြား သင်ယူမှုဝန်းကျင်ကောင်းများ စီစဉ်ထားရှိပေးနိုင်ရန်၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများကို ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် အဆင်သင့်ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည့်အခြေအနေများ၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေးတို့ကိုမှာကြားပြီး ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများကို ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်