နေပြည်တော် ဇွန် ၁၉
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးပြည့်မီသော အကူသူနာပြုများနှင့် ဆေးဘက်ကျွမ်းကျင်အကူများ မွေးထုတ်ပေးနိုင်ရေး ပုဂ္ဂလိကကုသမှု အထောက်အကူပြုသင်တန်း ကျောင်းလုပ်ငန်းများနှင့် ပြင်ပလူနာခွဲစိတ်ကုသရေး လုပ်ငန်းများကို စိစစ်၍ လုပ်ငန်းလိုင်စင်ထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေမှု၊ လိုင်စင်စည်းကမ်းချက် ချိုးဖောက်သော လုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နေမှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ အီလက်ထရောနစ်ကျန်းမာရေးသတင်းစနစ်တွင် ပုဂ္ဂလိကဆေးရုံများက သတင်းပေးပို့ ပူးပေါင်းပါဝင်ရန်နှင့် ကူးစက်ရောဂါဆိုင်ရာ အချက်အလက်များကို စနစ်တကျတင်ပြရန် ထိန်းကျောင်းကြီးကြပ်နေမှုနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် ဗဟိုအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးကြသည်။
ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူးက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းမှု အခြေအနေနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင် လျှောက်ထားလာသည့် ကိစ္စရပ်များကိုတင်ပြရာ ဗဟိုအဖွဲ့ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
