Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့ စစ်တွေမြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများ ပြန်လည်တည်ဆောက်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေး

စစ်တွေ မေ ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်သို့ ရောက်ရှိကြပြီး မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အပျက်အစီးများရှင်းလင်း ပြီးစီးမှုနှင့် စာသင်ဆောင်များ အမိုးမိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ကြည့်ရှုစစ်ဆေးစဉ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက စာသင်ကျောင်းများမဖွင့်လှစ်မီ ဦးစားပေး ပြုပြင်ရန်လိုအပ်သည့် စာသင်ဆောင်များကို အချိန်မီပြီးစီးအောင် ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ကျောင်းဖွင့်ချိန်တွင် သင်ကြားသင်ယူမှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယာယီသွားလာရေး လွယ်ကူ

ထို့နောက် မုန်တိုင်းတိုက်ခတ်ချိန်တွင် ဒီရေမြင့်တက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော စစ်တွေ-ပလ္လင်ပြင်လမ်းပေါ်ရှိ သဲချောင်းတံတားနေရာ၌ ဒေသခံပြည်သူများ ယာယီသွားလာရေး လွယ်ကူ စေရန် အစားထိုးဆောင်ရွက်ထားသည့် နှစ်လွှာတစ်ထပ် ဘေလီတံတား တည်ဆောက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ယာယီဘေလီတံတား တည်ဆောက်ပြီးစီးမှုနှင့် တံတားအသစ် ထပ်မံတည်ဆောက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ မုန်တိုင်းတိုက်ခတ်ချိန်တွင် ထိခိုက်ပျက်စီးခဲ့သော ဒါးပိုင်တံတားနေရာ၌ ဒေသခံပြည်သူများ ယာယီသွားလာရေးလွယ်ကူစေရန် အစားထိုးဆောင်ရွက်ထားသည့် တစ်လွှာတစ်ထပ် ဘေလီ တံတားတည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေး သည်။

အဆိုပါတံတားများသည် မေ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် တံတားများဖြစ်ပြီး ဒေသခံပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်စီးပွားရေးကိစ္စများ လွယ်ကူစွာလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အသုံးပြုသွားလာနိုင်ရန် ယာယီဘေလီတံတား တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက မေ ၁၆ ရက်မှစ၍ တည်ဆောက်ရေးပစ္စည်းများ စုဆောင်းခြင်းကို ဆောင်ရွက်ခဲ့ပြီး မေ ၁၈ ရက်မှစ၍ သဲချောင်းတံတားကို ပေ ၁၄၀ အရှည်၊ ယာဉ်/ကုန် ခံနိုင်ဝန် ၁၆ တန်၊ နှစ်လွှာတစ်ထပ် ဘေလီတံတားအဖြစ် လည်းကောင်း၊ ဒါးပိုင်တံတားကို ပေ ၆၀ အရှည်၊ ယာဉ်/ကုန် ခံနိုင်ဝန် ၁၆ တန်၊ တစ်လွှာ တစ်ထပ်ဘေလီတံတား အဖြစ် လည်းကောင်း တည်ဆောက်ခဲ့ရာ မေ ၂၂ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သဖြင့် လူနှင့်ယာဉ်များ ပုံမှန်အခြေအနေအတိုင်း ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်သည်။

အဆိုပါတံတားများ တည်ရှိသည့် စစ်တွေ-ပလ္လင်ပြင်လမ်းသည် Class(A) အဆင့် ကျေးရွာချင်း ဆက်လမ်း တစ်လမ်းဖြစ်ပြီး စစ်တွေတက္ကသိုလ်နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့သွားသည့် အဓိကလမ်း တစ်လမ်းဖြစ်သည်။ ယင်းလမ်းပိုင်းတွင် IDP Camp များတည်ရှိပြီး ပလ္လင်ပြင်ကျေးရွာအထိ ကျေးရွာပေါင်း ကိုးရွာကို ဖြတ်သန်းဖောက်လုပ်ထားသောလမ်းဖြစ်သည်။ အဆိုပါတံတားများ တည်ဆောက်ပြီးစီးခြင်းကြောင့် ကျေးရွာကိုးရွာရှိ ဒေသခံပြည်သူများအနေဖြင့် စစ်တွေမြို့သို့ အချိန်မရွေးအလွယ်တကူ သွားလာနိုင်မည်ဖြစ်သည့်အပြင် ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်အဖွဲ့သည် တည်ဆောက်ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ကုလားတန် ၄၊ ၅၊ ၆ ရေယာဉ် သုံးစီးဖြင့် စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံတံတားမှ စတင်ထွက်ခွာမှုကို သွားရောက်ကြည့်ရှုသည်။

လက်ဝယ်အရောက် ဖြန့်ဝေပေးသွားမည်

ကုလားတန် ၄ ရေယာဉ်သည် တည်ဆောက်ရေးပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်း စုစုပေါင်း ၁၉၈ ဒသမ ၇ တန် တင်ဆောင်ပြီး ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့တို့သို့ လည်းကောင်း၊ ကုလားတန် ၅ ရေယာဉ်သည် တည်ဆောက်ရေးပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်း စုစုပေါင်း ၁၉၅ ဒသမ ၆ တန် တင်ဆောင်ပြီး ရသေ့တောင်နှင့် မောင်တောမြို့တို့သို့ လည်းကောင်း၊ ကုလားတန် ၆ ရေယာဉ်သည် တည်ဆောက်ရေးပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်း စုစုပေါင်း ၂၄၈ ဒသမ ၉၃ တန် တင်ဆောင်၍ ပေါက်တော၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့ တို့သို့လည်းကောင်း သွားရောက်၍ ဒေသခံပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးသွားမည် ဖြစ်သည်။

ညနေပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

ရှင်းလင်းတင်ပြ

အစည်းအဝေးတွင် ကော်မတီအလိုက် တာဝန်ရှိသူများက စားရေရိက္ခာများ လက်ခံရရှိမှုနှင့်ထောက်ပံ့ပြီးစီးမှု၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအမံများကို ရှင်းလင်းတင်ပြကြပြီး လိုအပ်ချက်များကို အကြံပြုဖြည့်စွက်ဆွေးနွေးကြသည်။

ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်း က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ပြီးစီးနိုင်ရေးအတွက် လူအင်အား၊ စက်ယန္တရားအင်အားနှင့် အခြား လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

မိုခါမုန်တိုင်း ဘေးအန္တရာယ်မကျရောက်မီရခိုင် ပြည်နယ်အတွင်းတွင် ဆက်သွယ်ရေးအော်ပရေတာ လေးခု၏ မိုဘိုင်းစခန်း ၁၂၃၃ စခန်းရှိသည့်အနက် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် မိုဘိုင်းစခန်း ၉၀၄ စခန်းဆက်သွယ်မှု ပြတ်တောက်ခဲ့ရာ ဆက်သွယ်မှုပြန်လည်ရရှိစေရေးအတွက် ချွတ်ယွင်း ပြတ်တောက်ခဲ့သည့် မြေပေါ်/ မြေအောက် ဖိုင်ဘာကေဘယ်လ် ဆက်ကြောင်းများ၊ မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းများနှင့် မြို့တွင်းကေဘယ်လ်ကွန်ရက်များ ပြန်လည်ပြုပြင်ခြင်း၊ ပျက်စီးသွားသော မိုဘိုင်း ဆက်သွယ်ရေးစခန်းများ ပြန်လည်ပြုပြင်ခြင်း စသည့်လုပ်ငန်းများကို ဒေသခံနှင့်အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်သည့် ဆက်သွယ်ရေးဝန်ထမ်း စုစုပေါင်းအင်အား ၄၀၀ ကျော်ဖြင့် ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ မိုဘိုင်းစခန်း စုစုပေါင်း ၆၄ စခန်းပြန်လည် ပြုပြင်နိုင်ခဲ့သောကြောင့် မိုဘိုင်းစခန်း စုစုပေါင်း ၉၇၆ စခန်း ရာခိုင်နှုန်းအားဖြင့် ၇၉ ဒသမ ၁၆ ရာခိုင် နှုန်းဖြင့် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ပေးနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။            

သတင်းစဉ်